အာရေဗျပင်လယ်အတွင်းရှိ Abraham Lincoln လေယာဉ်တင်သင်္ဘောအနီးသို့ “ရန်လိုသောပုံစံဖြင့်” ချဉ်းကပ်လာသည့် အီရန်ဒရုန်းတစ်စင်းကို အမေရိကန်စစ်တပ်က ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် ပစ်ချခဲ့ကြောင်း အမေရိကန်စစ်တပ်က Reuters သတင်းဌာနသို့ အတည်ပြု ပြောကြားသည်။
အီရန်နှင့် အမေရိကန်တို့အကြား နျူကလီးယားဆိုင်ရာ ဆွေးနွေးပွဲများ ဖြစ်မြောက်ရန် သံတမန်များက ကြိုးပမ်းနေချိန်တွင် ယခုကဲ့သို့ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
အမေရိကန် စစ်သင်္ဘောများ အီရန်နိုင်ငံဘက်သို့ ဦးတည်နေသလို နျူကလီးယားအရေး ညှိနှိုင်းမှုများအပေါ် သဘောတူညီချက် တစ်စုံတစ်ရာ မရရှိပါက “ဆိုးရွားသည့်အရာများ” ဖြစ်လာနိုင်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က သတိပေးထားသည်။
အီရန်နိုင်ငံထုတ် Shahed-139 အမျိုးအစား ဒရုန်းသည် လေယာဉ်တင်သင်္ဘောဆီသို့ “သံသယဖြစ်ဖွယ် ရည်ရွယ်ချက်” ဖြင့် ပျံသန်းလာခြင်းဖြစ်ပြီး အမေရိကန်၏ F-35 တိုက်လေယာဉ်က ပစ်ချခဲ့ခြင်းဖြစ်ကြောင်း အမေရိကန်စစ်တပ်က ပြောကြားသည်။
“Abraham Lincoln သင်္ဘောပေါ်က F-35C တိုက်လေယာဉ်တစ်စင်းဟာ မိမိကိုယ်ကိုယ် ခုခံကာကွယ်ဖို့နဲ့ သင်္ဘောပေါ်မှာရှိတဲ့ တပ်ဖွဲ့ဝင်တွေကို အကာအကွယ်ပေးဖို့အတွက် အီရန်ဒရုန်းကို ပစ်ချခဲ့တာ ဖြစ်ပါတယ်” ဟု အမေရိကန် ဗဟိုစစ်ဌာနချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ရေတပ်ဗိုလ်ကြီး Tim Hawkins က ပြောကြားသည်။
အီရန်၏ Tasnim သတင်းဌာနကမူ နိုင်ငံတကာပိုင်နက် ရေပြင်အတွင်းရှိ ဒရုန်းတစ်စင်းနှင့် အဆက်အသွယ် ပြတ်တောက်သွားကြောင်း၊ သို့သော် အကြောင်းရင်းကိုမူ မသိရှိရသေးကြောင်း ဖော်ပြခဲ့သည်။
ပြီးခဲ့သည့်လအတွင်း အီရန်နိုင်ငံ၌ ၁၉၇၉ ခုနှစ် တော်လှန်ရေးနောက်ပိုင်း အဆိုးရွားဆုံး ပြည်တွင်းမငြိမ်မသက်မှုများ ဖြစ်ပွားခဲ့ပြီး အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများကို အကြမ်းဖက် နှိမ်နင်းမှုများ ပြုလုပ်ခဲ့ပြီးနောက် Lincoln လေယာဉ်တင်သင်္ဘော တိုက်ခိုက်ရေးအုပ်စုကို အရှေ့အလယ်ပိုင်းသို့ စေလွှတ်ခဲ့ခြင်း ဖြစ်သည်။
နှိမ်နင်းမှုများအတွင်း ဝင်ရောက်စွက်ဖက်မည်ဟူသော ခြိမ်းခြောက်မှုများကို ရပ်တန့်ခဲ့သည့် ထရန့်သည် ယခုအခါ တီဟီရန်အစိုးရအား နျူကလီးယားဆိုင်ရာ အလျှော့ပေးမှုများ ပြုလုပ်ရန် တောင်းဆိုထားပြီး ၎င်းတို့၏ ကမ်းရိုးတန်းသို့ စစ်သင်္ဘောအုပ်စုတစ်စုကို စေလွှတ်ထားသည်။
အီရန်ဘက်မှ “အလေးအနက် ဆွေးနွေးမှုများ” ပြုလုပ်နေကြောင်း ထရန့်က ပြီးခဲ့သည့်အပတ်တွင် ပြောကြားခဲ့သလို၊ အီရန်၏ ထိပ်တန်းလုံခြုံရေးအရာရှိ Ali Larijani ကလည်း ညှိနှိုင်းဆွေးနွေးမှုများအတွက် ပြင်ဆင်မှုများ ပြုလုပ်နေပြီဖြစ်ကြောင်း ပြောကြားထားသည်။
ဒရုန်းပစ်ချခံရပြီး နာရီအနည်းငယ်အကြာတွင် ဟော်မုဇ် ရေလက်ကြား၌ အီရန် တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) သည် အမေရိကန်အလံတင်ထားပြီး အမေရိကန် ဝန်ထမ်းများ လိုက်ပါလာသည့် ကုန်သွယ်ရေးသင်္ဘောတစ်စင်းကို နှောင့်ယှက်ခဲ့ကြောင်း အမေရိကန်စစ်တပ်က ပြောကြားသည်။
“IRGC လှေနှစ်စင်းနဲ့ အီရန် Mohajer ဒရုန်းတစ်စင်းဟာ M/V Stena Imperative သင်္ဘောအနီးကို အရှိန်ပြင်းပြင်းနဲ့ ချဉ်းကပ်လာပြီး သင်္ဘောပေါ် တက်ရောက်သိမ်းပိုက်ဖို့ ခြိမ်းခြောက်ခဲ့ပါတယ်” ဟု Hawkins က ပြောကြားသည်။
အဆိုပါ အီရန်လှေများက ရေနံတင်သင်္ဘောအား အင်ဂျင်ရပ်တန့်ရန်နှင့် စစ်ဆေးရန် ပြင်ဆင်ထားရန် အမိန့်ပေးခဲ့သော်လည်း သင်္ဘောသည် အရှိန်မြှင့်၍ ဆက်လက်ခရီးနှင်ခဲ့ကြောင်း ရေကြောင်းအန္တရာယ် စီမံခန့်ခွဲရေးအဖွဲ့ဖြစ်သည့် Vanguard က ပြောကြားသည်။
အဆိုပါဒေသအတွင်းရှိ အမေရိကန် ရေတပ်စစ်သင်္ဘော McFaul က Stena Imperative သင်္ဘောအား လိုက်ပါစောင့်ရှောက်ပေးခဲ့ကြောင်း Hawkins က ဆိုသည်။
