စစ်ရှုံးနေမှုကို ဖုံးကွယ်ရန် PDF များအလင်းဝင်ရောက်မှု ပိုမိုများပြားလာဟု စစ်တပ်လော်ဘီများက တယ်လီဂရမ်ချန်နယ်များ၌ ပိုမိုရေးသားလာကြသည်။
စစ်တပ်ထောက်ခံသူ လော်ဘီများသည် ၂၀၂၆ခုနှစ်၊ ဇန်နဝါရီ တစ်လအတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင် အလောင်း ၃၆၀ ကျော်နှင့် လက်နက် ၂၀၀ကျော် သိမ်းဆည်းရမိသည်ဟု ဝါဒဖြန့်ထားသည့်အပြင် အလင်းဝင်လာသူသည်လည်း ၂၆၀ ကျော်ရှိသည်ဟု ဆိုထားသည်။
သို့သော် အဆိုပါ ကိန်းဂဏန်းများနှင့် ပတ်သက်၍ စစ်ရေးလေ့လာသူများကမူ စစ်ကော်မရှင်သည် စိတ်ဓာတ်ကျဆင်းနေသော ၎င်းတို့၏ တပ်ဖွဲ့ဝင်များကို အားပေးရန်အတွက် ကိန်းဂဏန်းများကို လိုသလို ချဲ့ထွင်ဖော်ပြလေ့ရှိကြောင်း ထောက်ပြကြသည်။
အထူးသဖြင့် စစ်ကိုင်းနှင့် ရခိုင်ဘက်တွင် စစ်ကော်မရှင်တပ်များ အကြီးအကျယ် အထိနာနေချိန်၌ ယခုကဲ့သို့ သတင်းမျိုး ထွက်ပေါ်လာခြင်းမှာ တိုက်ဆိုင်မှု မဟုတ်နိုင်ကြောင်း သုံးသပ်ကြသည်။
“သူတို့ ထုတ်ပြန်တဲ့စာရင်းက မြေပြင်ရဲဘော်တွေထက် စစ်သားတေါ သတ်ဖြတ်ခဲ့တဲ့ အရပ်သားပြည်သူတွေရဲ့ စာရင်းတွေကိုပါ ထည့်သွင်းထားတာ၊ အရပ်သားတွေကို သတ်ပြီးရင် PDF ဆိုပြီး ခေါင်းစဉ်တပ်တာ စစ်တပ်ရဲ့ ထုံးစံပဲလေ” ဟု အညာဒေသတွင် တိုက်ပွဲဝင်နေသည့် ရဲဘော်တစ်ဦးက မှတ်ချက်ပြုသည်။
ထို့ပြင် ရခိုင်ဒေသတွင် AA ၏ ထိုးစစ်ကြောင့် စစ်ကော်မရှင် တပ်ရင်းလိုက် လက်နက်ချခြင်းနှင့် တစ်ပြည်နယ်လုံးနီးပါး ဆုံးရှုံးနေရသည်ကို ဖုံးကွယ်ရန်အတွက် ရန်သူ့အလောင်း အများဆုံးရသည်မှာ ရခိုင်ဒေသဖြစ်သည်ဟု စစ်တပ်လော်ဘီများက ဆိုထားသည်။
“စစ်တပ်လော်ဘီတွေ အထိနာဆုံးကတော့ AA ရဲ့ထိုးစစ်ဘဲ အဲ့ဒါကို မျက်လှည့်ပြဖို့ ကြိုးစားပြီး AA တပ်ဖွဲ့ဝင်တွေ အရမ်းကျတဲ့ပုံနဲ့ ဝါဒဖြန့်တယ်။ ပြီးတော့ စစ်တပ်က သိမ်းဆည်းရမိတဲ့ လက်နက်က နှစ်ရာကျော်လို့ဆိုထားတယ်။ အဲ့ဒီစာရင်းက တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းဆည်းရမိတဲ့ လက်နက်တွေနဲ့ နှိုင်းယှဉ်လိုက်ရင် အရမ်းနည်းပါးတဲ့ ပမာဏတစ်ခုပဲလေ” ဟု စစ်ရေးလေ့လာသူတစ်ဦးက ပြောသည်။
စစ်ရေးလေ့လာသူတစ်ဦးကမူ ၂၀၂၆ ခုနှစ်သည် တော်လှန်ရေးအတွက် အလှည့်အပြောင်းနှစ်ဖြစ်သဖြင့် စစ်တပ်က ၎င်းတို့ဘက်မှ အသာစီးရနေသယောင် သတင်းတု၊ သတင်းမှားများဖြင့် စိတ်ဓာတ်စစ်ဆင်ရေး ပြုလုပ်နေခြင်းဖြစ်ကြောင်း သုံးသပ်သည်။
” ၂၀၂၅ ခုနှစ်ထဲမှာ စစ်တပ်က ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေကြောင့် သူတို့ဟာ ပြည်တွင်းမှာတင်မကဘဲ နိုင်ငံတကာမှာပါ ဘယ်သူမှ အဖတ်မလုပ်တော့ဘဲ အထီးကျန်နေတာပါ။ ဒါကြောင့် မြန်မာပြည်ကြီး မကြာမီ ငြိမ်းချမ်းတော့မယ် ဆိုတဲ့ သတင်းကောင်းဟာ သူတို့အာဏာမြဲဖို့အတွက် ပြည်သူတွေကို ဟန်ပြ မျှော်လင့်ချက်ပေးနေတာပဲ ဖြစ်ပါတယ်။ တော်လှန်ရေး အင်အားစုတွေဘက်ကတော့ စစ်ကော်မရှင်ရဲ့ ဒီလို ဝါဒဖြန့်တာတွေကို ဂရုမစိုက်ဘဲ သူတို့ရဲ့ စစ်ရေးရည်မှန်းချက်တွေချီတက်နေကြပါတယ်” ဟု နိုင်ငံရေးလေ့လာသူတစ်ဦးက ပြောသည်။
လက်ရှိ စစ်ကော်မရှင်တပ်အတွင်းမှ စစ်သည်အချို့သည် တော်လှန်ရေးတပ်ဖွဲ့များထံ အလင်းဝင်ရောက်မှုများပြားလာချိန်တွင် ယင်းသတင်းကို ဖုံးဖိရန်အတွက် PDF အများအလင်းဝင်ရောက်မှု များပြားလာသည်ဟု တန်ပြန်ဝါဒဖြန့်မှုများ ပြုလုပ်နေခြင်းဖြစ်ကြောင်း သုံးသပ်မှုများလည်းရှိသည်။
လက်တွေ့တွင် စစ်ကော်မရှင်သည် နယ်မြေအမြောက်အမြား လက်လွှတ်နေရပြီး အင်အားချည့်နဲ့လာနေခြင်းမှာ ငြင်းမရသော အမှန်တရား ဖြစ်ကာ၊ ထိုသို့သော အခြေအနေတွင် အလောင်း၊ လက်နက် စာရင်းများဖြင့် ဝါဒဖြန့်ခြင်းမှာ တပ်တွင်းစိတ်ဓာတ် ပျက်ပြားမှုကို ထိန်းသိမ်းရန် ကြိုးစားခြင်းသာ ဖြစ်ကြောင်း စစ်ရေးကျွမ်းကျင်သူများက ကောက်ချက်ချကြသည်။
