စစ်ကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယမန်နေ့က နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်မှ အရာရှိကြီးများကို Video Conferencing ဖြင့် အမှာစကားပြောကြားရာတွင် နိုင်ငံ့ဝန်ထမ်းများကို စနစ်တကျဖြစ်စေရေး ကြပ်မတ်ရန်နှင့် စစ်တပ်၏ လမ်းစဉ်အတိုင်း သင်ကြားပေးရန် ထည့်သွင်းပြောကြားခဲ့သည်။
ဗိုလ်ချုပ်မှူးကြီးက ဝန်ထမ်းများအနေဖြင့် ရုံးလုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်ရန်၊ အချိန်ကို အလေးထားရန်နှင့် ဝန်ကြီးဌာနအလိုက် ဖွင့်လှစ်သည့် သင်တန်းများတွင်လည်း စည်းကမ်းကောင်းမွန်သော ဝန်ထမ်းများ ဖြစ်လာစေရန် ကြပ်မတ်ဆောင်ရွက်ရန် လမ်းညွှန်ခဲ့ခြင်း ဖြစ်သည်။
” စစ်ကော်မရှင်ဟာ ယိုင်နဲ့နေတဲ့ သူတို့ရဲ့ အရပ်ဘက်အုပ်ချုပ်ရေးယန္တရားကြီးကို စစ်တပ်လိုမျိုး အမိန့်နာခံရုံသက်သက် စနစ်တစ်ခုဖြစ်အောင် အတင်းအကျပ် ပုံသွင်းဖို့ ကြိုးစားနေတာyg။ အထူးသဖြင့် နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်လိုမျိုး တပ်မတော်သားတွေနဲ့ ဝန်ထမ်းအကြီးအကဲတွေ ပူးပေါင်းတက်ရတဲ့ သင်တန်းတွေကနေတစ်ဆင့် အရပ်ဘက်ဌာန အသီးသီးကို စစ်တပ်ရဲ့ ထိန်းချုပ်မှုအောက် လုံးလုံးလျားလျား ရောက်သွားအောင် လမ်းခင်းနေတာ” ဟု နိုင်ငံရေးလေ့လာသူတစ်ဦးက သုံးသပ်သည်။
ထို့ပြင် မင်းအောင်လှိုင်က တိုင်းပြည်ချစ်စိတ် ၊ ပြည်ချစ်စိတ်ဟုဆိုသော စကားလုံးကို သုံးစွဲနေခြင်းသည် လက်ရှိ ဝန်ထမ်းထုအတွင်း စစ်ကော်မရှင်အပေါ် သစ္စာရှိမှု အားနည်းနေခြင်းနှင့် စိတ်ဓာတ်ပိုင်းဆိုင်ရာ ယုံကြည်မှု လျော့နည်းနေခြင်းကို မီးမောင်းထိုးပြနေသည်ဟု ၎င်းက ဆိုသည်။
လက်ရှိ တာဝန်ထမ်းဆောင်နေသော Non-CDM ဝန်ထမ်းတစ်ဦး၏ အဆိုအရ မြေပြင်တွင် ဝန်ထမ်းများမှာ စားဝတ်နေရေး ကျပ်တည်းမှုနှင့်အတူ အုပ်ချုပ်ရေးအဖွဲ့များ၏ ဖိအားပေးမှုများကြောင့် စိတ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်မှုများ ကြုံတွေ့နေရကြောင်း သိရသည်။
“အခု ရုံးမှာ အလုပ်လုပ်ရတာက အရင်လို စိတ်အေးလက်အေး မဟုတ်တော့ဘူးဗျ။ စည်းကမ်းဆိုတာထက် ဘယ်သူက ကိုယ့်ကို စောင့်ကြည့်နေမလဲဆိုတာမျိုးက ပိုများနေတော့ အလုပ်လုပ်ရတာ တော်တော်လေး စိတ်ကျဉ်းကျပ်ဖို့ ကောင်းပါတယ်။ အခုလို အထက်ကနေ စနစ်တကျ ရှိရမယ်၊ ကြပ်မတ်ရမယ်လို့ ပြောလေလေ အောက်ခြေက ကျွန်တော်တို့လို ဝန်ထမ်းတွေမှာ ပိုပြီး အသက်ရှူကျပ်လေလေ ဖြစ်လာမှာပဲ” ဟု Non-CDM ဝန်ထမ်းတစ်ဦးက ပြောသည်။
နိုင်ငံရေးလေ့လာသူ တစ်ဦးကမူ ဖောင်ကြီးသင်တန်းများကို အခြေတည်ပြီး ပြောကြားခြင်းသည် ဝန်ထမ်းများကို နိုင်ငံရေးအရ မှိုင်းတိုက်ဖို့ ကြိုးစားခြင်းသာဖြစ်သော်လည်း မြေပြင်က ဝန်ထမ်းများသည် လက်ရှိ နိုင်ငံရေးအခြေအနေကို သိရှိနေကြသည့်အတွက် ဒီလို ဟောပြောမှုများက ထိရောက်မှာ မဟုတ်ကြောင်း သုံးသပ်သည်။
စစ်ကော်မရှင်သည် တစ်ဖက်တွင် CDM ဝန်ထမ်းများကို အမည်မည်းစာရင်းမှ ပယ်ဖျက်ပေးမည်ဟုဆိုကာ ပြန်ခေါ်နေရချိန်တွင် အခြားတစ်ဖက်၌ လက်ရှိဝန်ထမ်းများကို စစ်တပ်စနစ်ဖြင့် ဖိအားပေး ကြပ်မတ်ရန် ကြိုးစားနေခြင်းမှာ ရှေ့နောက်မညီသော လုပ်ရပ်ဖြစ်ကြောင်း ဝေဖန်မှုများလည်း ရှိနေသည်။
ယင်းအပြင် မင်းအောင်လှိုင်က နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ပေးအပ်ထားသော တာဝန်များကို ပိုင်နိုင်ကျွမ်းကျင်စွာ လုပ်ဆောင်ရန် ပြောကြားချက်သည် လက်ရှိတွင် အရည်အချင်းရှိသော ဝန်ထမ်းများစွာ CDM ပြုလုပ်သွားခြင်းကြောင့် ဖြစ်ပေါ်လာသည့် ဝန်ထမ်းအင်အား ချို့တဲ့မှုကို ဖုံးကွယ်ချင်ခြင်း ဖြစ်နိုင်သည်ဟုလည်း ပြည်သူများက သုံးသပ်သည်။
