ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ထုံးဘိုကျေးရွာ၊ ဆုတောင်းကုန်းတွင် တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယနေ့( ဖေဖော်ဝါရီ ၄ရက် )နံနက် ၃နာရီခန့်မှစ၍ ဖားကန့်မြို့နယ်၊ ထုံးဘိုကျေးရွာ၊ ဆုတောင်းကုန်းတွင် မိုးကောင်းမြို့အခြေစိုက် အမှတ်၃ စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်အောက်ရှိ ခမရ ၃၈၁ တပ်ရင်းနှင့် KIA ပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေခြင်းဖြစ်ပြီး စစ်တပ်က ဂျက်ဖိုက်တာတစ်စင်းဖြင့် တိုက်ပွဲဖြစ်ပွားရာနေရာကို ဗုံးတစ်လုံးကြဲချခဲ့ကြောင်း သိရသည်။
” ဗုံးသီးအမျိုးအစားတော့မသိရဘူး။ ဗုံးကြဲပြီးတော့ မီးခိုးလုံးကြီးတွေ တက်လာတာကို မြင်လိုက်ရတယ်။ ခု ထုံးဘိုကျေးရွာကို ဦးတည်နေတဲ့စစ်ကြောင်းက ထုံးဘိုကို မရောက်ခင် ရွှေဂေါင်ဂေါင် ဆုတောင်းကုန်းဘက်မှာ တောက်လျှောက် တိုက်ပွဲပြင်းထန်နေတယ်။ ကြဲတာကလည်း ဆုတောင်းကို ကြဲသွားတာ။ အရင်က အဲဘက်တွေမှာ ရွှေဂေါင်ဂေါင် ကုမ္ပဏီတို့၊ ရတနာစိန်သီရိကုမ္ပဏီဝင်းတို့ရှိတော့ အဲဒါတွေကို အစွဲပြုပြီးခေါ်ကြတာ။ ပစ်ကူအားနဲ့ ရှေ့တိုးချင်လို့လည်း ဖြစ်နိုင်သလို အထိနာလို့ လာကူတာလည်း ဖြစ်နိုင်ပါတယ်”ဟု ဖားကန့်မြို့ စစ်ရေးသတင်းရင်းမြစ်က MPA ကို ပြောသည်။
စစ်တပ်သည် ဇန်နဝါရီ ၃၀ ရက် ညပိုင်းမှစ၍ ဖားကန့်မြို့၊ မရှီကထောင်ရပ်ကွက် သီလရှင်ကုန်းမှ စတင်စစ်ကြောင်းထိုးလာခြင်းဖြစ်ပြီး ယနေ့ မွန်းလွဲပိုင်းအထိ လက်နက်ကြီး၊လက်နက်ငယ်သံများ ဆူညံနေကြောင်း သိရသည်။
” တောက်လျှောက်ကို ပြင်းထန်နေတာ။ မနေ့ညကလည်း ပစ်လိုက်၊ ခဏရပ်သွားလိုက်နဲ့ တောက်လျှောက်ပြန်ပစ်လိုက်နဲ့။ ည ၁၂ နာရီလောက်အထိ ပစ်ပြီး ဒီနေ့တော့ မနက် ၃နာရီထဲက ပြန်ပစ်နေတာ ခုအချိန်ထိ” ဟု ၎င်းက ယနေ့မွန်းလွဲပိုင်း၌ ပြောသည်။
ဇန်နဝါရီ ၃၁ရက်မှစ၍ တိုက်ပွဲဖြစ်ပွားရာ အနီးရှိ ပြည်သူ ၅၀၀ ခန့်သည် နီးစပ်ရာ မိတ်ဆွေအိမ်များနှင့် ဘာသာရေးကျောင်းများတွင် စစ်ရှောင်နေရကြောင်း သိရသည်။
ဖေဖော်ဝါရီ ၂ ရက်နှင့် ၃ရက်နေ့က ခမရ ၃၈၁ တပ်ရင်းမှ စစ်မှုထမ်းတပ်သား ၆ဦး လက်နက် ခဲ ယမ်းများနှင့်အတူ ထွက်ပြေးလာပြီး KIA ပူးပေါင်းတပ်ဖွဲ့ထံ အလင်းဝင်ခဲ့ကြောင်းလည်း သိရသည်။
