အထက်မင်းလှတွင် စစ်ကြောင်းထိုးတပ် ၂ ရက်ဆက် တိုက်ခိုက်ခံရ၊ စစ်သား ၃၀ ခန့် သေဆုံးနိုင်ဟုဆို

ဓာတ်ပုံ- USBA
ပုံစာ- တိုက်ပွဲဝင် USBA ရဲဘော်များ

မကွေးတိုင်း ၊ အထက်မင်းလှမြို့နယ်တွင် စစ်ကြောင်းထိုးလာသောတပ် ၂ ရက်ဆက် ဖြတ်တိုက်ခံရပြီး စစ်သား ၃၀ ခန့်သေဆုံးနိုင်ကြောင်း သိရသည်။

ဖေဖော်ဝါရီ ၃ ရက်၊ မွန်းလွဲ ၃ နာရီဝန်းကျင်တွင် ဖောကား ၃ စီးဖြင့် လင်းကယ်တိုက်နယ်တဝိုက် စစ်ကြောင်းထိုးနေသည့် အင်အား၉၀ခန့်ပါစစ်ကြောင်းသည် ဇီးတောကျေးရွာနှင့် မင်းဂံကျေးရွာကြား ဘွဲ့ကျေးရွာလမ်းပေါက်၌ ရပ်နေစဉ် မီတာ ၇၀ အထိ တိုးကပ်ကာ အနီးကပ် တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရသည်ကို မျက်မြင်တွေ့ခဲ့ကြောင်းနှင့် ယနေ့ (ဖေဖော်ဝါရီ ၄ ရက်) နံနက် ၉ နာရီ ၁၅ မိနစ်ခန့်တွင်လည်း ဒဟတ်ပင် ရေနံမြေရှိ ကွန်းသွန်းကျေးရွာ လမ်းပေါက်၌ ယင်းစစ်ကြောင်းကို အသင့်စောင့်ကြိုကာ အနီးကပ် တိုက်ခိုက်ခဲ့ရာ နောက်ဆုံးမှ လိုက်ပါလာသည့် ကားတစ်စီး ပစ်ကွင်းထဲ ထိုးရပ်သွားပြီး ပြန်လည်ပစ်ခတ်နိုင်ခြင်း မရှိသည်အထိ ချေမှုန်းနိုင်ခဲ့ကြောင်း ဗမာပြည်ကာကွယ်ရေးတပ် – USBAက ထုတ်ပြန်ထားသည်။

“စစ်ကြောင်းက ၂ လပိုင်း တစ်ရက်နေ့ကတည်းက စပြီးတော့ ထိုးနေတဲ့ စစ်ကြောင်းဖြစ်ပါတယ်။ စစ်ကြောင်းကတော့ မင်းလှမြို့ပေါ်မှာရှိတဲ့ ခွေးအင်အားတွေနဲ့ မင်းလှမြို့အနီးမှာရှိတဲ့ ကပစ ၂ ၊ ကပစ ၁၀ ကနေပြီးတော့ ပေါင်းစပ်အင်အားတွေ ထွက်လာတာ ဖြစ်ပါတယ်။ သူတို့ စစ်ကြောင်းထိုးတာ ဘာကြောင့်ထိုးသလဲတော့ ကျနော်တို့လည်း မပြောတတ်ပါဘူး။ ဒီလိုပဲ သူတို့က ကျနော်တို့ ဘယ်မှ မပစ်ဘူးဆိုရင်လည်း တစ်ပတ် ၊ ၁၀ ရက်ဆိုရင် တစ်ကြိမ်မျိုး၊ အဲလိုမျိုး စစ်ကြောင်းထိုးတဲ့ အလေ့အထ ရှိပါတယ်။ လမ်းကတစ်လမ်းတည်း ရှိတာပါ ခင်ဗျ။ အဲဒါကြောင့် ကျနော်တို့ သူတို့ စစ်ကြောင်းကို ကြိုသိနိုင်တယ်လို့ ပြောရမှာပေါ့”ဟု USBA ပြန်ကြားရေးတာဝန်ခံ ကိုသာချိုက MPA သို့ပြောသည်။

ယနေ့ တိုက်ပွဲ၌ ချေမှုန်းခံခဲ့ရသည့် နောက်ဆုံးကားပေါ်ပါ စစ်သားများ မှောက်လျက်ဖြစ်‌နေသည်ကို အနီးကပ် မြင်တွေ့ခဲ့သော်လည်း ရှေ့ကားများမှ လက်နက်ကြီး ၊ လက်နက်ငယ်များဖြင့် တရစပ် ပစ်ကူလာသဖြင့် လက်နက်များ မသိမ်းဆည်းနိုင်ခဲ့သလို နောက်ဆုံးကားမှ ‌စစ်သားများအားလုံး သေဆုံးမှုရှိ၊မရှိ အတည်မပြုနိုင်ခဲ့ကြောင်းနှင့် ယင်းကားပေါ်မှ စစ်သားများအားလုံး သေဆုံးပါက ရန်သူ သေဆုံးမှု ၃၀ ဝန်းကျင်အထိ ရှိနိုင်ကြောင်း ထုတ်ပြန်ထားသည်။

“ပြည်သူတွေက မရှောင်ရပါဘူးဗျ။ အဲဒီနယ်မြေတွေက လွန်ခဲ့တဲ့ ၃ ၊ ၄ လလောက်အထိ စစ်ကောင်စီက ၄ ၊ ၅ နှစ်လုံးလုံး ထိန်းချုပ်ထားတဲ့ ရွာတွေဖြစ်တယ်။ အမာခံတွေလို့ ပြောရမှာပေါ့နော်။ ဒါကြောင့် လက်ရှိမှာ ကျနော်တို့ လှုပ်ရှားနေပေမဲ့ စစ်ကောင်စီ အဲဒီနယ်မြေတွေကို သူတို့နယ်မြေလို့ယူဆပြီး ညှာထားတဲ့ သဘောမျိုးရှိပါတယ်။ အဲဒါကြောင့် လောလောဆယ်တော့ အညာဒေသလိုမျိုးတော့ ပြည်သူတွေကို အရမ်းကြီး ဒုက္ခပေးတာမျိုးတော့ မလုပ်လာသေးပါဘူး”ဟု ၎င်းကဆက်လက်ပြောသည်။

ယနေ့ တိုက်ခိုက်မှုပြီးနောက် စစ်တပ်က တိုက်ပွဲဖြစ်ပွားရာ နေရာအနီး လက်နက်ကြီး ၊ လက်နက်ငယ်များ ရမ်းသန်းပစ်ခတ်ခဲ့ပြီး လမ်းဘေးဝဲယာရှိ ခြုံများကို မီးရှို့ခြင်း ၊ ဒရုန်းဖြင့် ကင်းထောက်ခြင်းနှင့် ခြေလျင်တက်ခြင်းတို့ ပြုလုပ်ကာ မင်းလှမြို့ဆီသို့ ဆက်လက် ရွေ့လျားနေကြောင်း သိရသည်။

ဇန်နဝါရီ ၂၉ ရက် ည ၇ နာရီဝန်းကျင်ကလည်း အထက်မင်းလှမြို့နယ် ၊ ရေနံမ ရဲစခန်းကို USBA မှ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သေးသည်။

ယင်း တိုက်ခိုက်မှုများတွင် USBA ရဲဘော်များ ထိခိုက်မှု မရှိကြောင်း သိရသည်။

စစ်သားများ သေဆုံးမှုကို MPA အနေဖြင့် သီးခြားအတည်မပြုနိုင်ပေ။