Reuters
၂၀၂၄ ခုနှစ် အမေရိကန်သမ္မတရွေးကောက်ပွဲ မတိုင်မီ နှစ်လအလိုတွင် ဒေါ်နယ်ထရန့်ကို လုပ်ကြံရန် ဖလော်ရီဒါ ဂေါ့ဖ်ကွင်းရှိ ချုံပုတ်အတွင်း ရိုင်ဖယ်သေနတ်ဖြင့် ပုန်းအောင်းစောင့်ဆိုင်းခဲ့သည့် ရိုင်ယန် ရောက်သ်ဆိုသူကို ဖေဖော်ဝါရီ ၄ ရက်တွင် ထောင်ဒဏ် တစ်သက် ပြစ်ဒဏ်ချမှတ်ခံခဲ့ရသည်။
ဖလော်ရီဒါပြည်နယ်၊ ဖော့တ်ပီယာ့စ်မြို့ရှိ အမေရိကန်ခရိုင်တရားသူကြီး အိုင်ရင်း ကန်နွန် က ယင်းစီရင်ချက်ကို ချမှတ်ခဲ့ခြင်းဖြစ်သည်။
အသက် ၅၉ နှစ်အရွယ် ရောက်သ်က ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက ကျင်းပသော တရားခွင်တွင် ၎င်းကိုယ်တိုင် ရှေ့နေအဖြစ် ခုခံချေပခဲ့သော်လည်း လုပ်ကြံရန် ကြိုးပမ်းမှုအပါအဝင် ရာဇဝတ်မှု (၅) ခုဖြင့် ပြစ်မှုထင်ရှားကြောင်း ဂျူရီလူကြီးများက ဆုံးဖြတ်ခဲ့ကြသည်။
တရားသူကြီး ကန်နွန်က “ခင်ဗျားဟာ လူ့အသက်ကို ရယူဖို့အတွက် ကြိုတင်ကြံစည် တွက်ချက်ထားတဲ့ လုပ်ရပ်မှာ ပါဝင်ပတ်သက်ခဲ့တယ်ဆိုတာ ရှင်းလင်းနေပါတယ်” ဟု ပြောကြားခဲ့သည်။
အစိုးရရှေ့နေများက တစ်သက် ပြစ်ဒဏ်ကို အကြံပြုခဲ့ကြသော်လည်း ရောက်သ်ကမူ ၎င်းအား ထောင်ဒဏ် ၂၇ နှစ်သာ ချမှတ်ရန် တရားသူကြီးထံ တောင်းဆိုခဲ့သည်။
ရောက်သ်၏ရှေ့နေ မာတင် ရော့သ်က ၎င်း၏အမှုသည်သည် စိတ်ပိုင်းဆိုင်ရာ ရှုပ်ထွေးသူတစ်ဦးဖြစ်သော်လည်း စိတ်ရင်းကောင်းသူဖြစ်ကြောင်း တရားခွင်တွင် ပြောကြားခဲ့သည်။
အစိုးရရှေ့နေ ဂျွန် ရှစ်ပလေက ရောက်သ်၏ ရာဇဝတ်မှုများသည် “အမေရိကန် ဒီမိုကရေစီကို ဖြိုဖျက်ရန်” ရည်ရွယ်ခြင်းဖြစ်ကြောင်းနှင့် နိုင်ငံရေးအရ အကြမ်းဖက်မှုများကို လက်ခံမည်မဟုတ်ကြောင်း တရားသူကြီးကို လျှောက်ထားခဲ့သည်။
တရားသူကြီး ကန်နွန်က ရောက်သ်၏ ပြစ်မှုများမှာ အလွန်တရာ ကြီးလေးကြောင်းနှင့် ၎င်းတွင် အဖျက်စွမ်းအားပြင်း ပစ္စည်းများ လက်ဝယ်ထားရှိမှု၊ တရားမဝင် လက်နက်ကိုင်ဆောင်မှုနှင့် ခိုးမှုအပါအဝင် အနည်းဆုံး ၃၆ ကြိမ်ခန့် ပြစ်ဒဏ်ကျခံဖူးသည့် ရာဇဝတ်မှတ်တမ်းများရှိနေခြင်းက ၎င်းသည် လူ့အဖွဲ့အစည်း၏ စည်းကမ်းများကို လစ်လျူရှုတတ်သူဖြစ်ကြောင်း သက်သေပြနေသည်ဟု စီရင်ချက်ချရာတွင် ပြောကြားခဲ့သည်။
အဆိုပါ ဖြစ်စဉ်သည် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်နေ့က West Palm Beach ရှိ ထရန့် အပြည်ပြည်ဆိုင်ရာ ဂေါ့ဖ်ကလပ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
လုံခြုံရေးအေးဂျင့်များက ချုံပုတ်အတွင်း ပုန်းအောင်းနေသော ရောက်သ်ကို တွေ့ရှိခဲ့ပြီးနောက် ၎င်းသည် ထွက်ပြေးလွတ်မြောက်ရန် ကြိုးပမ်းခဲ့သော်လည်း နောက်ပိုင်းတွင် ဖမ်းဆီးရမိခဲ့သည်။
ယခုဖြစ်စဉ်သည် ပင်ဆယ်ဗေးနီးယားပြည်နယ်၊ ဘတ်တလာမြို့တွင် ကျင်းပသော မဲဆွယ်ပွဲ၌ ထရန့်၏ နားရွက်ကို ကျည်ဆန်ထိမှန်ခဲ့သည့် ပထမအကြိမ် လုပ်ကြံမှု ဖြစ်ပွားပြီး နှစ်လအကြာတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ဂျူရီလူကြီးများက ပြစ်မှုထင်ရှားကြောင်း ဆုံးဖြတ်ချက်ချအပြီးတွင် ရောက်သ်သည် ဘောပင်ဖြင့် မိမိကိုယ်ကို အကြိမ်ကြိမ် ထိုးရန် ကြိုးပမ်းခဲ့သဖြင့် လုံခြုံရေးများက ထိန်းသိမ်းခဲ့ရသည်။
သမ္မတ ထရန့်ကမူ ဤစီရင်ချက်အပေါ် ချီးကျူးစကားဆိုခဲ့ပြီး ရောက်သ်အား “ယုတ်ညံ့သော ရည်ရွယ်ချက်ရှိသည့် ယုတ်ညံ့သောလူ” အဖြစ် ဖော်ပြခဲ့သည်။
