ဆင်းရဲသား တိုးပွားနေသော မြန်မာပြဿနာ ကုလ ရပ်ကြည့်မနေရန် သံအမတ်ကြီး တိုက်တွန်း

စစ်အာဏာသိမ်းမှု၏ နောက်ဆက်တွဲအဖြစ် မြန်မာနိုင်ငံတွင် လူလတ်တန်းစား ပျောက်ကွယ်လုနီးဖြစ်ကာ မြို့ပြဆင်းရဲမှုပမာဏ သိသိသာသာ မြင့်တက်လာကြောင်း သံအမတ်ကြီးဦးကျော်မိုးထွန်းက ပြောသည်။

UNDP အုပ်ချုပ်ရေးမှူး နှင့် အပြန်အလှန်ဆွေးနွေးမှု အစီအစဉ်တွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက အထက်ပါအတိုင်း ထည့်သွင်းဆွေး နွေးခဲ့သလို ယခုအခါ မြန်မာနိုင်ငံလူဦးရေ၏ ထက်ဝက်နီးပါးသည် ဆင်းရဲမွဲတေမှု သတ်မှတ် ချက် မျဉ်းအောက်သို့ ရောက်ရှိလာပြီဟုလည်း ဆိုကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးက ဖေဖေါ်ဝါရီ၄ရက်ညက သတင်းထုတ်ပြန်သည်။

အလုပ်အကိုင်အခွင့်အလမ်းရှားပါးမှု၊ လုပ်ခလစာတိုးမြင့်မှုမရှိခြင်း၊ အထူးသဖြင့် လူငယ် အမျိုးသားများကို ပစ်မှတ်ထားသည့် အဓမ္မ စစ်မှုထမ်းစေခိုင်းမှုတို့ကြောင့် လူငယ်များ အလုံးအရင်းဖြင့် ပြည်ပထွက်ခွာမှု စိုးရိမ်ဖွယ်ရာပြီး မြန်မာနိုင်ငံ၏ ရေရှည် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲမှုလျှော့ချရေး အလားအလာများကို ခြိမ်းခြောက်လျက် ရှိကြောင်းလည်း ပြောသည်။

“ရန်ကုန်မှာ လူလတ်တန်းစားဆိုတာ ကျူးကျော်တွေလို တဲထိုးပြီး မနေရတာပဲရှိတော့တယ်။တိုက် ခန်းပေါ်မှာနေပြီး မငတ်ရုံတမယ်အဆင့်နဲ့ ရုန်းကန်နေကြရတယ်။ပြီးတော့ အလုပ်တိုင်းက မကောင်း ဘူးဖြစ်နေတော့ ကိုယ့်အလုပ် ဘယ်တော့ပြုတ်မလဲဆိုပြီး အမြဲတွေးပူနေရတယ်။အလုပ်ပြုတ်ပြီးရင် နောက်အလုပ်ပြန်ရဖို့ဆိုတာလည်း လွယ်မှမလွယ်တာ”ဟု ရန်ကုန်မြို့၊တောင်ဥက္ကလာမြို့နယ်၊၁၀ရပ် ကွက်နေ ကုမ္ပဏီစာရင်းကိုင် အမျိုးသမီးတစ်ဦးက MPAသို့ ပြောသည်။

ထို့အပြင် ရန်ကုန်မြို့လမ်းများပေါ် စစ်မှုထမ်းအတွက် ပေါ်တာဆွဲနေခြင်းနှင့်လုယက်နေခြင်းတို့ ကြောင့် အလုပ်သွား၊အလုပ်ပြန်သည့်အချိန်တိုင်း စိုးရိမ်စိတ်များဖြင့် သတိထားနေရကြောင်းလည်း ၎င်းက ဆိုသည်။

တရားမဝင်စစ်အာဏာသိမ်းမှု ၅နှစ်တာကာလအတွင်း ထိခိုက်လွယ်သော အခြေအနေတွင်ရှိ သည့် မြန်မာပြည်သူများကို ကယ်တင်နိုင်ရေးအတွက် ကုလသမဂ္ဂအနေဖြင့် ထိရောက် ပြတ်သားစွာ ဆောင်ရွက်ရန် နောက်ထပ်စောင့်ဆိုင်းနေ၍ မရနိုင်တော့ကြောင်းနှင့် မြန်မာပြည်သူများ၏ ခိုင်မာသောဆုံးဖြတ်ချက်အား နိုင်ငံတကာအသိုက်အဝန်းနှင့် ကုလအဖွဲ့ဝင်နိုင်ငံများက ထောက်ခံကူညီပေးကြရန် သံအမတ်ကြီးက တိုက်တွန်းခဲ့သည်။

စာတည်း-ML