တန့်ဆည်တွင် ဘုန်းကြီးကျောင်းကို စစ်တပ်ဗုံးကြဲ ၊ ကိုရင်တစ်ပါးနှင့် ပြည်သူ ၅ ဦး သေဆုံး

စစ်ကိုင်းတိုင်း ၊ တန့်ဆည်မြို့နယ်အတွင်းရှိ ဘုန်းကြီးကျောင်းကို စစ်တပ်က ဗုံးကြဲခဲ့ရာ ကိုရင်တစ်ပါးနှင့် ပြည်သူ ၅ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ယနေ့ (ဖေဖော်ဝါရီ ၅ ရက်) နံနက် ၁၀ နာရီဝန်းကျင်တွင် တန့်ဆည်မြို့နယ်၊ သစ္စေးကုန်းကျေးရွာရှိ မင်္ဂလာဘုန်းကြီးကျောင်းကို စစ်တပ်က ဂျက်ဖိုက်တာ ၂ စင်းဖြင့် လေကြောင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူလည်း များပြားကြောင်း ဖြစ်စဉ်ကို သိရှိသည့် ဒေသခံပြည်သူတစ်ဦးထံက သိရသည်။

” ကျောင်းထိုင် ဆရာတော်က လွတ်တယ်ဗျ။ ကိုရင်တွေရှိတာတော့ များတယ်ဗျ။ အလှူလုပ်ပြီး ကိုရင်လေးတွေဝတ်ပေးထားကြတော့။ သစ္စေးကုန်းက တောင်ရွာ၊ မြောက်ရွာရှိတာကိုမှ ဘုန်းကြီးကျောင်းက ၂ရွာခွဆုံ ရွာထိပ်လို့ပြောရမယ်ထင်တယ်။ ပထမအကြိမ်ချပြီး စိတ်ပူလို့ လာခေါ်တဲ့ မိဘတို့ ဦးလေးတို့ပါ ထိတော့။ ဖိုက်တာကလည်း ၂ စင်းလိုလို ၃ စင်းလိုလိုပဲ။ ကျနော်မြင်တာတော့ ၂ စင်း၊ တချို့က ၃ စင်းပြောတယ်။ နောက်အစင်းချတဲ့ အလုံးက ကျောင်းပါမြောက်ကြွသွားတာ”ဟု ၎င်းက MPA သို့ပြောသည်။

ယင်းဘုန်းကြီးကျောင်းဝင်းအတွင်း ကားဝပ်ရှော့လည်း ရှိပြီး ကားဝပ်ရှော့ဆရာအပါအဝင် ပြည်သူ ၁၅ ဦးခန့် ဒဏ်ရာရခဲ့သေးကြောင်း သိရသည်။

“ဘုန်းကြီးကျောင်းမှာက အရင်ကစစ်ဘေးရှောင်တွေနေခွင့်ပေးထားတယ်ဗျ။ အရင်ကနေပေမယ့် အခုနောက်ပိုင်း တခြားနေရာသစ်တွေဆီပြောင်းနေတာမှန်သွားတာပေါ့။ မဟုတ်ရင်ပိုများမှာအထိအခိုက်က။ အခုက ကားဝပ်ရှော့က အဝင်အထွက်မလွယ်တော့ ကျောင်းထဲထားပြင်ကြတာ။ ထိခိုက်တဲ့သူတွေထဲလည်း စိုးရိမ်ရသူများတယ်။ တစ်ယောက်ဆိုလက်ပါပြတ်၊ ဝပ်ရှော့ဆရာကလည်း ခါးရိုး တွေပါထိတယ်”ဟု ၎င်းကဆက်လက်ပြောသည်။

ယင်းဘုန်းကြီးကျောင်းကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ကျောင်းဆောင်များနှင့် ကားဝပ်ရှော့ရှိ ကားများလည်း ပျက်စီးသွားကြောင်း သိရသည်။

ဒေသတွင်း သတင်းများဖော်ပြနေသည့် Taze News page က ယနေ့ နံနက် ၉ နာရီ ၅၇ မိနစ်နှင့် ၁၀ နာရီ ၇ မိနစ်ခန့်တွင် စစ်ဘေးရှောင်များ တည်းခိုရာနေရာဖြစ်သော သစ္စေးကုန်းကျေးရွာ မင်္ဂလာဘုန်းကြီးကျောင်းကို တံတားဦးလေတပ်တက် ဂျက်ဖိုက်တာ ၂ စင်းဖြင့် ပေါင် ၃၀၀ ဟု ယူဆရသော ဗုံး ၄ လုံးနှင့် ရော့ကက်များဖြင့် ဗုံးကြဲပစ်ခတ်ခဲ့သဖြင့် စစ်ဘေးရှောင်များနှင့် ကိုရင်ငယ်များအပါအဝင် ပြည်သူ ၅ ဦး သေဆုံးကာ အများအပြား ဒဏ်ရာရခဲ့သေးကြောင်း ထုတ်ပြန်ထားသည်။