ဖွံ့ဖြိုးတိုးတက်မှုနှင့်လူမှုတရားမျှတမှုဆိုသည့် စကားလုံးများမှာ မြန်မာပြည်သူတို့အတွက် ဇိမ်ခံအကြောင်းအရာများသာဖြစ်ကြောင်း ကုလရင်ပြင်တွင် သံအမတ်ကြီးဦးကျော်မိုးထွန်းက ပြောကြားလိုက်သည်။
နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်တွင်ဖေဖေါ်ဝါရီ၄ရက်က ကျင်းပသော ၆၄ကြိမ်မြောက် လူမှုဖွံ့ဖြိုးတိုးတက်ရေးကော်မရှင်အစည်းအအဝေး၌ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက မိန့်ခွန်း ပြောကြားစဉ် အထက်ပါ အတိုင်း ထည့်သွင်းပြောကြားခဲ့သလို မြန်မာပြည်သူများ နေ့စဉ် ပကတိရင်ဆိုင်နေရသည်မှာ ရက်စက်ကြမ်းကြုတ်မှုများသာဖြစ်ကြောင်းလည်း ဆိုသည်။
“ကုလသမဂ္ဂက လုပ်ပေးတာ၊မလုပ်ပေးတာတစ်ပိုင်း။ကျမတို့ကတော့ သံအမတ်ကြီး ဒါမျိုးပြောနေ တာကြားရရင်ကို အားတက်တယ်။ဆင်းရဲတာတို့ဘာတို့ဆိုတာက စစ်တပ်အသိုင်းအဝိုင်းကလွဲရင် တစ်နိုင်ငံလုံး ဘယ်သူမှ အဆင်ပြေမနေဘူး။မြို့ပေါ်နေတဲ့သူက ဆင်းရဲတာပဲရှိမယ်။တိုက်ပွဲဒေသတွေ မှာဆိုရင် ပြည်သူတွေက ငတ်ရုံတင်မကဘူး။အချိန်မရွေးလည်း သေသွားနိုင်တယ်။ကျမတို့ဆင်းရဲတာ ဘာမှ မပြောပလောက်ဘူး”ဟု ရန်ကုန်မြို့နေ နိုင်ငံရေးအကျဉ်းသားတစ်ဦး၏ မိသားစုဝင်တစ်ဦးက MPAသို့ပြောသည်။
စစ်အုပ်စု၏ ညံ့ဖျင်းမှုကြောင့် အလွန်အမင်း ဆင်းရဲနွမ်းပါးမှု တဖန်ပြန်လည် မြင့်တက်စေခဲ့ပြီး ယခုအခါမြန်မာပြည်သူစုစုပေါင်း၏တစ်ဝက်မှာ ဆင်းရဲနွမ်းပါးမှု သတ်မှတ်ချက်အောက်သို့ ကျရောက်နေပြီဖြစ်သော်လည်း ပြည်သူတို့မှာ မျှော်လင့်ချက်ကို မြဲမြံစွာ ဆုပ်ကိုင်ထားလျက်ရှိ ကြောင်း သံအမတ်ကြီးက ပြောသည်။
ဆက်လက်ပြီး သံအမတ်ကြီးက ကုလသမဂ္ဂအနေဖြင့် အပြောများကို အလုပ်အသွင်သို့ ပြောင်းလဲအကောင်အထည်ဖော်ပေးရန်၊ မြန်မာ့အရေးကို ပြတ်ပြတ်သားသား၊ ထိထိရောက်ရောက် လုပ်ဆောင်ပေးရန်နှင့် မြန်မာပြည်သူများအပေါ် ဆက်လက် မပျက်ကွက်သင့်တော့ကြောင်း ပြောကြားခဲ့သည်။
