အိုမန်နိုင်ငံတွင် ဖေဖော်ဝါရီ ၆ ရက်က အမေရိကန်နှင့် အီရန်တို့အကြား ဆွေးနွေးပွဲများ အလွန်အခြေအနေကောင်းကြောင်းနှင့် အဆိုပါဆွေးနွေးမှုများကို လာမည့်အပတ် အစောပိုင်း တွင် ပြန်လည်စတင်နိုင်ခြေရှိကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပြောကြားသည်။
ယခုဆွေးနွေးပွဲများသည် ပြီးခဲ့သည့်နှစ် ဇွန်လအတွင်း အီရန်နျူကလီးယား အစီအစဉ်ဆိုင်ရာ ဆွေးနွေးပွဲများ ပြုလုပ်နေစဥ် အမေရိကန်က အစ္စရေး၏ အီရန်ဗုံးကြဲတိုက်ခိုက်မှုတွင် ပူးပေါင်းပါဝင်ခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ် ပြုလုပ်သည့် ဆွေးနွေးပွဲများ ဖြစ်သည်။
ဖလော်ရီဒါပြည်နယ်ရှိ ၎င်း၏ မာရာလာဂို (Mar-a-Lago) အပန်းဖြေနေအိမ်သို့ သွားရောက်သည့် Air Force One လေယာဉ်ပေါ်တွင် သမ္မတထရန့်က သတင်းထောက်များအား ” အီရန်နဲ့ ပတ်သက်ပြီး အလွန်ကောင်းမွန်တဲ့ ဆွေးနွေးမှုတွေ ရှိခဲ့ပါတယ်၊ လာမည့်အပတ် အစောပိုင်းမှာလည်း ထပ်မံတွေ့ဆုံဦးမှာပါ” ဟု သတင်းထောက်များကို ပြောကြားသည်။
သို့သော် ထရန့်က အီရန်အပေါ် စစ်ရေးအရ အရေးယူမှုအသစ်များ ပြုလုပ်မည်ဟူသော ၎င်း၏ ယခင်ခြိမ်းခြောက်မှုများကိုလည်း ထပ်မံပြောကြားခဲ့သည်။
“တကယ်လို့ သူတို့ဘက်က သဘောတူညီချက်တစ်ခု မရယူနိုင်ဘူးဆိုရင်၊ အကျိုးဆက်တွေက အလွန်ပဲ ပြင်းထန်ပါလိမ့်မယ်” ဟုလည်း ၎င်းက ဆက်လက်ပြောကြားသည်။
အီရန်ဘက်ကလည်း အဆိုပါဆွေးနွေးပွဲအတွင်း “အပြုသဘောဆောင်သော ပတ်ဝန်းကျင်” ရှိခဲ့ကြောင်း ချီးကျူးပြောဆိုခဲ့ပြီး အမေရိကန်နှင့် နောက်ထပ် ဆွေးနွေးပွဲများ ပြုလုပ်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အာရက်ချီ က ယခုဆွေးနွေးပွဲများသည် အီရန်၏ နျူကလီးယားအစီအစဉ်အပေါ်တွင်သာ “သီးသန့်အာရုံစိုက်” ဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ယခုဆွေးနွေးပွဲကို အမေရိကန်ကိုယ်စားလှယ်အဖွဲ့ကို အရှေ့အလယ်ပိုင်းဆိုင်ရာအရာရှိ စတိဗ် ဝစ်ကော့ဖ်နှင့် ဒေါ်နယ်ထရန့်၏ သားမက်ဖြစ်သူ ဂျရက် ကူရှနာတို့က ဦးဆောင်ခဲ့ကြသည်။
ထို့ပြင် အမေရိကန် ဗဟိုစစ်ဌာနချုပ် (US Central Command) မှ တပ်မှူး ရေတပ်ဗိုလ်ချုပ်ကြီး ဘရက် ကူးပါးလည်း ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည်။
ဒေါ်နယ်ထရန့်သည် အီရန်နှင့် စီးပွားရေးလုပ်ဆောင်နေသော နိုင်ငံများအပေါ် ၂၅ ရာခိုင်နှုန်းအထိ အကောက်ခွန် ကောက်ခံနိုင်သည့် အမှုဆောင်အမိန့်တစ်ရပ်ကို လက်မှတ်ရေးထိုးထားသည်။
“အီရန်နိုင်ငံထံမှ မည်သည့်ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကိုမဆို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ဝယ်ယူခြင်း၊ တင်သွင်းခြင်း သို့မဟုတ် အခြားနည်းလမ်းဖြင့် ရယူခြင်းတို့ ပြုလုပ်သည့် မည်သည့်နိုင်ငံမှမဆို အမေရိကန်သို့ တင်သွင်းလာသော ကုန်ပစ္စည်းများအပေါ် အခွန်များ ကောက်ခံနိုင်သည်” ဟု အဆိုပါ အမိန့်စာတွင် ဖော်ပြထားသည်။
အခွန်နှုန်းထားကို နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယို က ဆုံးဖြတ်မည်ဖြစ်သော်လည်း၊ ယင်းမှာ ဇန်နဝါရီလလယ်တွင် အမေရိကန်သမ္မတ ပထမဆုံးအကြိမ် ထည့်သွင်းပြောကြားခဲ့သည့် ၂၅ ရာခိုင်နှုန်း ဖြစ်နိုင်ကြောင်း အမိန့်စာ၌ သီးခြားဖော်ပြထားသည်။
ယခုအခွန်တိုးမြှင့်မှုများက ရုရှား၊ ဂျာမနီ၊ တူရကီနှင့် အာရပ်စော်ဘွားများ ပြည်ထောင်စု အပါအဝင် နိုင်ငံအများအပြားနှင့် ကုန်သွယ်မှုအပေါ် သက်ရောက်မှုရှိလာမည် ဖြစ်သည်။
ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ၏ အချက်အလက်များအရ ၂၀၂၄ ခုနှစ်တွင် အီရန်နိုင်ငံ၏ ကုန်သွယ်မှု လေးပုံတစ်ပုံကျော်မှာ တရုတ်နိုင်ငံနှင့် ဖြစ်ပြီး သွင်းကုန် ဒေါ်လာ ၁၈ ဘီလျံနှင့် ပို့ကုန် ဒေါ်လာ ၁၄.၅ ဘီလျံ ရှိခဲ့ကြောင်း သိရသည်။
