ခရစ်ပတိုကုမ္ပဏီတစ်ခုမှ အသုံးပြုသူများထံသို့ ဒေါ်လာ ၄၀ ဘီလျံဖိုးရှိ ဘစ်ကွိုင်များ မှားယွင်းပေးပို့

တောင်ကိုရီးယား အခြေစိုက် ခရစ်ပတို ငွေလဲလှယ်ရေး လုပ်ငန်းတစ်ခုက အသုံးပြုသူများထံသို့ အမေရိကန်ဒေါ်လာ ၄၀ ဘီလျံကျော် တန်ဖိုးရှိ ဘစ်ကွိုင် (Bitcoin) များကို မှားယွင်းလွှဲပြောင်းပေးခဲ့မိပြီးနောက် ယနေ့ ဖေဖော်ဝါရီ ၇ ရက်တွင် ပြန်လည်တောင်းပန်ခဲ့ရသည်။

အဆိုပါ မှားယွင်းမှုကြောင့် အဆိုပါပလက်ဖောင်းပေါ်တွင် ခေတ္တခဏအတွင်း ရောင်းချမှုများ မြင့်တက်ခဲ့သည်။

Bithumb ကုမ္ပဏီက လက်ရှိပေါက်စျေးအရ ဒေါ်လာ ၄၀ ဘီလျံကျော် တန်ဖိုးရှိသော ဘစ်ကွိုင်ပေါင်း ၆၂၀,၀၀၀ ကို ဖေဖော်ဝါရီ ၆ ရက်တွင် မှားယွင်းပေးပို့ခဲ့မိခြင်းဖြစ်ပြီး အမှားအယွင်း ဖြစ်ပွားပြီး ၃၅ မိနစ်အတွင်း သက်ဆိုင်ရာ အသုံးပြုသူ ၆၉၅ ဦး၏ အရောင်းအဝယ်ပြုလုပ်မှုနှင့် ငွေထုတ်ယူမှုများကို ပိတ်ထားခဲ့သည်။

ဒေသတွင်း သတင်းများအရ Bithumb သည် လုပ်ငန်းကြေညာမြှင့်တင်သည့် အစီအစဉ်တစ်ခုအနေဖြင့် အသုံးပြုသူတစ်ဦးလျှင် ကိုရီးယားဝမ် ၂,၀၀၀ (၁.၃၇ ဒေါ်လာခန့်) စီ ပေးပို့ရန် ရည်ရွယ်ခဲ့ခြင်းဖြစ်သော်လည်း၊ အမှားအယွင်းကြောင့် အသုံးပြုသူတစ်ဦးလျှင် ဘစ်ကွိုင် ၂,၀၀၀ ခန့်စီ လွှဲပြောင်းပေးမိခဲ့ခြင်း ဖြစ်သည်။

“ဒီပရိုမိုးရှင်း အစီအစဉ်ရဲ့ ဖြန့်ဝေမှုလုပ်ငန်းစဥ်မှာ ဖြစ်ပွားခဲ့တဲ့ ရှုပ်ထွေးမှုတွေကြောင့် ကျွန်တော်တို့ရဲ့ ပတ်သက်ဆက်နွှယ်သူတွေ အဆင်မပြေဖြစ်ခဲ့ရတဲ့အတွက် အလေးအနက် တောင်းပန်အပ်ပါတယ်” ဟု Bithumb က ဖေဖော်ဝါရီ ၇ ရက် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မှားယွင်းပေးပို့မိသည့် ဘစ်ကွိုင်များ၏ ၉၉.၇ ရာခိုင်နှုန်းကို ပြန်လည်ရရှိခဲ့ပြီးဖြစ်ကြောင်းနှင့် ယခုဖြစ်ရပ်အတွင်း ဆုံးရှုံးသွားသည့် ပမာဏအတွက် ကုမ္ပဏီပိုင် ဘစ်ကွိုင်များဖြင့် အပြည့်အဝ ပြန်လည်ဖြည့်တင်းသွားမည်ဖြစ်ကြောင်း ကြေညာထားသည်။

အဆိုပါအမှားအယွင်းကြောင့် ဘစ်ကွိုင်များကို လက်ခံရရှိသူအချို့က ပြန်လည်ရောင်းချခဲ့ကြသည့်အတွက် ပလက်ဖောင်းအတွင်း ဘစ်ကွိုင်စျေးနှုန်းမှာ ခေတ္တခဏအတွင်း “ပြင်းထန်သော အတက်အကျ” ဖြစ်ပေါ်ခဲ့ကြောင်း ဝန်ခံခဲ့ပြီး၊ ငါးမိနစ်အတွင်း အခြေအနေကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း သိရသည်။

စျေးနှုန်းပြဇယားများအရ ဖေဖော်ဝါရီ ၆ ရက်ညနေပိုင်းတွင် အဆိုပါပလက်ဖောင်းပေါ်၌ ဘစ်ကွိုင်စျေးနှုန်းမှာ ၁၇ ရာခိုင်နှုန်းခန့်အထိ ရုတ်တရက်ကျဆင်းသွားကာ ကိုရီးယားဝမ် ၈၁.၁ သန်းအထိ ဖြစ်သွားခဲ့သည်ကို တွေ့ရသည်။

ယခုဖြစ်ရပ်သည် “ပြင်ပမှ ဟက်ကာများ တိုက်ခိုက်ခြင်း သို့မဟုတ် လုံခြုံရေးဖောက်ဖျက်ခံရခြင်းများနှင့် သက်ဆိုင်ခြင်းမရှိကြောင်း” လည်း အဆိုပါကုမ္ပဏီကဆိုသည်။

ကမ္ဘာ့အကြီးဆုံး ခရစ်ပတိုငွေကြေးဖြစ်သော ဘစ်ကွိုင်သည် ယခုအပတ်အတွင်း စျေးနှုန်းကျဆင်းခဲ့ပြီး၊ ၂၀၂၄ ခုနှစ် နိုဝင်ဘာလက အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် ရွေးကောက်ပွဲအနိုင်ရရှိမှုကြောင့် တက်လာခဲ့သည့် အကျိုးအမြတ်များအားလုံး ပြန်လည်ဆုံးရှုံးသွားခဲ့သည်။