မြန်မာစစ်အုပ်စုအပေါ် တီမောလက်စတေ၏ စစ်ရာဇဝတ်မှုဆိုင်ရာ တရားစွဲဆိုမှုများအပေါ် APHR ချီးကျူး

By MPA

မြန်မာစစ်အုပ်စုက ကျူးလွန်ထားသည့် စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများအတွက် တီမောလက်စတေနိုင်ငံက ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ခွင့် (Universal Jurisdiction) နည်းလမ်းအရ တရားစွဲဆိုမှုများ စတင်ရန် ဆုံးဖြတ်လိုက်ခြင်းအပေါ် အာဆီယံအမတ်များ လူ့အခွင့်အရေးအဖွဲ့ (APHR) က ချီးကျူးဂုဏ်ပြုကြောင်း ဖေဖော်ဝါရီ ၆ရက်တွင် ထုတ်ပြန်ထားသည်။

တီမောလက်စတေနိုင်ငံသည် အရှေ့တောင်အာရှဒေသအတွင်း ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအတွက် ခိုင်မာစွာ ရပ်တည်ပေးနေသည့် နိုင်ငံဖြစ်ကြောင်း APHR က အသိအမှတ်ပြုထားသည်။

ကမ္ဘာ့အနုပျိုဆုံး ဒီမိုကရေစီနိုင်ငံတစ်ခု၏ တရားဥပဒေစိုးမိုးရေးအပေါ် ကတိကဝတ်ပြုမှုသည် မြန်မာစစ်အုပ်စုနှင့် နိုင်ငံတကာအသိုက်အဝန်းထံသို့ ပြင်းထန်သည့် သတင်းစကား ပေးပို့လိုက်ခြင်းလည်း ဖြစ်သည်။

စစ်အာဏာရှင်စနစ်နှင့် အကြမ်းဖက်မှုများကြောင့် နေ့စဉ်ပျက်စီးနေရသည့် နိုင်ငံအတွင်း ကျူးလွန်နေသော ကြီးလေးသည့် နိုင်ငံတကာရာဇဝတ်မှုများအတွက် တာဝန်ယူမှု တာဝန်ခံမှုရှိစေရေးသည် နိုင်ငံတစ်ခု၏ ပြည်တွင်းရေးကိစ္စသက်သက် မဟုတ်တော့ကြောင်း APHR ၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာပြည်သူများ၏ လွတ်မြောက်ရေးတိုက်ပွဲသည် ၂၀၀၂ ခုနှစ်တွင် အဆုံးသတ်ခဲ့သည့် အင်ဒိုနီးရှား၏ ၂၄ နှစ်ကြာ အကြမ်းဖက်ကျူးကျော်မှုကို အန်တုခဲ့သော တီမောပြည်သူများ၏ လွတ်လပ်ရေးကြိုးပမ်းမှုနှင့် အလွန်တူညီလှသည်ဟု ဆိုထားသည်။

တီမောလက်စတေနိုင်ငံသည် ၎င်းတို့ ခက်ခဲစွာ တိုက်ယူခဲ့ရသည့် လွတ်လပ်ရေးနှင့် ဒီမိုကရေစီတန်ဖိုးများကို သစ္စာရှိစွာ ဆုပ်ကိုင်ထားပြီး မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှုများကို လက်တွေ့ကျကျ ကူညီဆောင်ရွက်ပေးလာခြင်း ဖြစ်သည်။

အာဆီယံအနေဖြင့်လည်း တီမောလက်စတေကဲ့သို့ပင် စစ်အုပ်စုကို ၎င်းတို့ကျူးလွန်ထားသည့် ရာဇဝတ်မှုများအတွက် တာဝန်ခံမှုရှိစေရန်နှင့် မြန်မာပြည်သူများ အာဏာရှင်စနစ်အောက်မှ လွတ်မြောက်စေရန် ပိုမိုပြတ်သားသည့် အရေးယူဆောင်ရွက်မှုများ ပြုလုပ်ရမည် ဖြစ်ကာ၊ တာဝန်ခံမှုနှင့် တရားမျှတမှု မရှိဘဲ မြန်မာနိုင်ငံတွင် တည်တံ့သော ငြိမ်းချမ်းရေး ရရှိနိုင်မည်မဟုတ်ကြောင်း APHR က အလေးပေး ထုတ်ပြန်ထားသည်။