ဖားကန့်မြို့တွင်းသို့ လက်နက်ကြီး ထပ်ကျ၊ အမျိုးသမီး ၂ ဦးအပါအဝင် ၃ ဦး ဒဏ်ရာရ

ဓာတ်ပုံ - Tarlin Mg
ပုံစာ - ဉရုရတနာ ကျောက်စိမ်းတောင် တံတားကို တွေ့ရစဉ် ( ပုံဟောင်း )

ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင်းသို့ လက်နက်ကြီး ထပ်မံကျရောက်ခဲ့ရာ အမျိုးသမီး၂ဦးအပါအဝင် ၃ဦးဒဏ်ရာရခဲ့ကြောင်း သိရသည်။

ယနေ့ ( ဖေဖော်ဝါရီ ၇ရက် ) နံနက် ၁၀နာရီခွဲနှင့် မွန်းလွဲ ၂နာရီခွဲခန့်က ဖားကန့်မြို့၊ မြို့မရပ်ကွက်ရှိ ကလပ်ကုန်းနှင့် မရှီကထောင်ရပ်ကွက်တို့သို့ လက်နက်ကြီးကျည်ကျရောက် ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ဇန်နဝါရီ ၂၄ရက်က ပိတ်ထားခဲ့သော ဖားကန့်၊ မြို့မရပ်ကွက်နှင့် မရှီကထောင်ရပ်ကွက်ကို ချိတ်ဆက် ထားသည့် ဉရုရတနာ ကျောက်စိမ်းတောင် တံတားအား ယနေ့ နံနက် ၇ နာရီ မှ ၉နာရီအထိ စစ် တပ်က ပြန်ဖွင့်ပေးခဲ့ကြောင်း ဖားကန့်မြို့စစ်ရေးသတင်းရင်းမြစ်ထံက သိရသည်။

” မနက်က မြို့မ ကလပ်ကုန်းထိတာ နှစ်ယောက်။ နေ့လယ် ၂ နာရီခွဲမှာ မရှီကထောင်ရပ်ကွက်က ဒေါ်စော ခေါက်ဆွဲဆိုင်ပေါ် လက်နက်ကြီးကျရာက ဒေါ်စောရဲ့သမီးထိတာပါ။ ဆေးကုသမှု ခံယူနေကြပါတယ်။ခုမနက်အစောပိုင်းကတော့ ( တိုက်ပွဲက ) နှစ်ဘက်လုံး ငြိမ်ထားကြတယ်။ စစ်ရှောင်တွေ ပစ္စည်းပြန်ယူတဲ့သူယူဖို့။ ရှောင်ချင်သူတွေ စစ်ရှောင်နိုင်ဖို့တဲ့။ မနက် ၇နာရီကနေ ၉ နာရီအထိ အချိန်ပေးထားတယ် ” ဟု ၎င်းက MPA ကို ပြောသည်။

ဒဏ်ရာရရှိသူများမှာ ဖားကန့်မြို့ ကလပ်ကုန်းမှ အသက် ၅၇ နှစ်အရွယ်ရှိ ဦးသူရိန်၊ အသက် ၅၀ အရွယ်ရှိ ဒေါ်သီတာ နှင့် မရှီကထောင်ရပ်ကွက်မှ အသက် ၄၈ နှစ် အရွယ် ဒေါ်နန်းညွန့်ဦး တို့ဖြစ်ကြောင်း သိရသည်။

” မရှီကထောင်ရပ်ကွက်တစ်ခုလုံးတော့ မရှောင်ကြဘူး။ ရှောင်တာက ရှောင်တဲ့သူလည်း ရှောင်ကြ တယ်။ ကိုယ့်အိမ်အဆောက်အအုံနဲ့ အဆင်ပြေတယ်လို့ ယူဆသူတွေတော့ မရှောင်ကြဘူး။ ဗုံးခိုကျင်း တွေ ရှိတယ်ပေါ့နော်။ မရှောင်တာနဲ့ ပတ်သက်ပြီး ပြည်သူ့လူထုဆန္ဒကိုလည်း သွားအပြစ် တင်လို့မရ ပြန်ဘူး။ ဖားကန့်မှာက စစ်ရေးအတွေ့အကြုံက ရင့်နေကြပြီ။ အသက်၊ အသက်လို့ ပြောကြပေမဲ့ လုပ်စားသွားကြတာတွေလည်းရှိတော့ ဘယ်အဖွဲ့ကိုမဆို လူထုကသိပ်မယုံကြဘူး။ တန်ဖိုးရှိတာတွေ ပြန်ယူကြပြီး ရှောင်ကြတဲ့လူလည်းရှိတယ်။ ကိုယ့်အိမ်ကိုယ်စောင့်နေကြတဲ့လူ လည်း ရှိတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။

ယနေ့ ( ဖေ‌ဖော်ဝါရီ ၇ရက် ) နံနက် ၉ နာရီကျော်မှစ၍ ည ၇နာရီခွဲအထိ ဖားကန့်မြို့၊ မရှီကထောင် ရပ်ကွက် နောက်ကျောရှိ ထုံးဘိုရွာ အနီးတွင် စစ်တပ်နှင့် KIA ပူးပေါင်းတပ်တို့ တိုက်ပွဲ ပြင်းထန်ခဲ့ပြီး မရှီကထောင်ရပ်ကွက်နှင့် ဖားကန့်ဗျူဟာကုန်းအနီး မြို့မ ကလပ်ကုန်းတို့သို့ လက်နက်ကြီး၊ လက်နက်ငယ်များ ကျရောက်မှုရှိကြောင်း သိရသည်။

ဇန်နဝါရီ ၃၀ရက်မှစ၍ ဖားကန့်မြို့၊ မရှီကထောင်ရပ်ကွက် သီလရှင်ကုန်းမှ စစ်တပ်က စတင်စစ်ကြောင်းထိုးလာခြင်းဖြစ်ပြီး KIA ပူးပေါင်းတပ်များ၏ ခုခံမှုကြောင့် စစ်ကြောင်းမှာ ရှေ့သို့ မတိုးနိုင်ဘဲ လေယာဉ်ပစ်ကူနှင့် လက်နက်ကြီး ပစ်ကူတို့ အလွန်အကျွံ သုံးနေကြောင်း သိရသည်။

ဖေဖော်ဝါရီ ၃ ရက်က ဖားကန့်မြို့၊ ကာလီ ချောင်းအနီးသို့ လက်နက်ကြီးကျရောက်မှုကြောင့် ကလေးငယ် ၃ဦးသေဆုံးပြီး ၁၂ဦး ဒဏ်ရာရရှိခဲ့ကာ ဖေဖော်ဝါရီ ၅ရက်ကလည်း မရှီကထောင်ရပ်ကွက်ထဲသို့ လက်နက်ကြီးကျသဖြင့် အမျိုးသမီး၂ဦး ဒဏ်ရာရရှိခဲ့သေးသည်။