လှိုင်၊ ရပ်ကွက်အချုပ်ခန်း ၄ ထပ်အမြင့်မှ ပေါ်တာဆွဲခံထားရသည့် လူငယ် ၂ ဦး ခုန်ချ၊ တစ်ဦး သေဆုံး

ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ ၁၁ရပ်ကွက်အချုပ်ခန်းထဲရှိ စစ်မှုထမ်းအတွက် ပေါ်တာဆွဲခံထားရသည့် လူငယ်၂ဦး ခုန်ချထွက်ပြေးခဲ့ရာ တစ်ဦး သေဆုံးသွားကြောင်း သိရသည်။

လှိုင်မြို့နယ်၊၁၁ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၏ အချုပ်ခန်းမှာ အဆောက်အအုံ၏ ၄ထပ်အမြင့်တွင် ရှိပြီး ဖေဖေါ်ဝါရီ၆ရက်ညက ခုန်ချခဲ့ခြင်းဖြစ်ကာ တစ်ဦးမှာ ခါးရိုးကျိုးဒဏ်ရာဖြင့် ယနေ့(ဖေဖေါ်ဝါရီ ၇ရက်)နံနက်ပိုင်း၌ ကွယ်လွန်သွားကြောင်း Hlaing Info နှင့် မြို့တော်သတင်းဌာနတို့က ဖော်ပြ သည်။

လှိုင်မြို့နယ်၊၁၁ရပ်ကွက်နေ အသက်၅၀ကျော်အရွယ်ရှိ အမျိုးသမီးတစ်ဦးကမူ “ကျမတို့ သိရသ လောက် ခါးကျိုးသွားတဲ့ကလေးက ပွဲချင်းပြီးတာတဲ့။တချို့ပြောတာက ဆေးရုံရောက်ပြီး မကြာဘူး သေတယ်တဲ့။နောက်တစ်ယောက်ကလည်း ရန်ကုန်ဆေးရုံကြီးမှာ အခြေအနေမကောင်းဘူးလို့ သိရ တယ်”ဟု MPAသို့ပြောသည်။

Hlaing Info ကမူ ဒဏ်ရာရထားသည့် လူငယ်မှာ လက်ကျိုးဒဏ်ရာသာရထားသည်ဟု ဖော်ပြထား သည်။

ယင်းလူငယ်၂ဦးမှာ လှိုင်မြို့နယ်၊၁ရပ်ကွက်နှင့် ၁၅ရပ်ကွက်တို့က ဖြစ်ပြီး ၁၁ရပ်ကွက်အုပ်ချုပ်ရေးမှူး စိန်သန်းနှင့်အဖွဲ့က စစ်မှုထမ်းအတွက် ဖမ်းဆီးထားခြင်းဖြစ်ကြောင်း သိရသည်။

“ စိန်သန်းက အရင်တုန်းက ရာအိမ်မှူးအဆင့်ပဲ။အရင်အုပ်ကြီးက ဦးအေးမြင့်။စစ်မှုထမ်းကိစ္စတွေ ပေါ်လာတဲ့အခါကျတော့ ဦးအေးမြင့်က မလုပ်ချင်တော့တာနဲ့ စိန်သန်းက အုပ်ကြီးဖြစ်လာတာ။ စိန်သန်းက စစ်မှုထမ်းကိစ္စကို အားရပါးရလုပ်တယ်။အခုလို လူဖမ်းရောင်းစားတာတွေ လုပ်တယ်”ဟု ၎င်းက ဆက်လက်ပြောသည်။

စိန်သန်းသည် ရာအိမ်မှူးဘဝက တစ်လ တစ်သိန်းသာပေးရသော ကန်ထရိုက်တိုက်၏ အမြင့်ဆုံးအ ထပ်တွင် အိမ်ဌားနေခဲ့ရာမှ လွန်ခဲ့သည့် တစ်နှစ်ကျော်ကာလ ၁၁ရပ်ကွက်အုပ်ချုပ်ရေးမှူးဖြစ် လာခဲ့ ပြီး မကြာမီ တစ်လ ၆သိန်းပေးရသော အိမ်ကို ဌားနေနိုင်ခဲ့ကြောင်း သိရသည်။

၁၁ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသည် စံပယ်ခြံ ၁လမ်းထဲတွင် တည်ရှိသည်။