စစ်တပ်က ဖမ်းထားသည့် တရားမဝင်ကုန်များကို ဝိုင်းမော် ရဲတပ်ရင်းက လာဘ်ငွေယူပြီး ပြန်ထုတ်ပေး

ဓာတ်ပုံ-လူမှုကွန်ရက်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်နှင့် ကန်ပိုက်တီးလမ်းကြောင်းပေါ်တွင် စစ်တပ်က ဖမ်းဆီးထိန်းသိမ်းထားသည့် တရားမဝင်ကုန်ပစ္စည်းများကို နယ်မြေခံရဲတပ်ရင်းက လာဘ်ငွေယူ၍ ပြန်လည်ထုတ်ပေးနေသည့်အတွက် စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များအကြား အောက်လမ်းမှ လက်ဝါးရိုက်စားနေကြသည့်အပေါ် ဒေသခံများက ဝေဖန်နေကြသည်။

တရုတ်နိုင်ငံဘက်မှ ဝင်ရောက်လာသည့် တရားမဝင်ကုန်တင်ယာဉ်များကို စစ်တပ်က ဖမ်းဆီးပြနေသော်လည်း မြေပြင်တွင် အဆိုပါကုန်ပစ္စည်းများကို ရဲတပ်ရင်းဝင်းအတွင်းသို့ ပို့ဆောင်သိမ်းဆည်းထားပြီး ကုန်သည်များထံမှ လာဘ်ငွေယူကာ ပြန်လည်ထုတ်ပေးနေခြင်းဖြစ်သည်။

ယင်းမှာ စစ်တပ်က ဖမ်းဆီးပေးပြီး ရဲတပ်ဖွဲ့က ငွေကြေးတောင်းခံကာ ပြန်လည်လွှတ်ပေးသည့် စနစ်တကျ ပူးပေါင်းဆောင်ရွက်နေသည့် ပုံစံမျိုး ဖြစ်နေကြောင်း ဒေသခံများက ဆိုသည်။

အဆိုပါ တရားမဝင်ကုန်ပစ္စည်းများတွင် အခြေခံစားသောက်ကုန်များ၊ လူသုံးကုန်များနှင့် အခြားကန့်သတ်ကုန်ပစ္စည်းများ ပါဝင်နေပြီး ဖမ်းဆီးရမိသည့်ကားများကို စနစ်တကျ အရေးယူခြင်းမရှိဘဲ လာဘ်ငွေပမာဏအလိုက် ညတွင်းချင်း ပြန်လည်ထုတ်ပေးနေခြင်းဖြစ်သည်။

“စစ်တပ်က ကားတွေကို လမ်းမှာ ဖမ်းလိုက်တာပဲ။ ဖမ်းပြီးရင် ရဲတပ်ရင်းဝင်းထဲကို မောင်းသွင်းသွားတာပေါ့။ ဒါပေမဲ့ ကုန်သည်တွေက ရဲဆီကို ပိုက်ဆံ သွားပေးလိုက်တာနဲ့ အဲဒီကားတွေက လမ်းပေါ် ပြန်ရောက်လာတာပဲ။ တစ်ဖက်က ဖမ်းပေးသလိုလိုလုပ်၊ နောက်တစ်ဖက်က ပိုက်ဆံတောင်းပြီး ပြန်လွှတ်ပေးနဲ့ ဒါကတော့ သူတို့အချင်းချင်း ဇာတ်တိုက်ပြီး ပေါင်းစားနေကြတာဗျ။” ဟု ဝိုင်းမော်မြို့နယ်အတွင်းရှိ ဒေသခံကုန်သည်တစ်ဦးက ဆိုသည်။

အထူးသဖြင့် ကန်ပိုက်တီးလမ်းကြောင်းတွင် ကုန်စည်စီးဆင်းမှု များပြားခြင်းကို အခွင့်ကောင်းယူကာ တာဝန်ကျအဖွဲ့အစည်းများက ကိုယ်ကျိုးစီးပွား ရှာဖွေနေကြခြင်းဖြစ်ကာ၊ ဖမ်းဆီးထားသည့် ယာဉ်တန်းများအတွင်းမှ ကုန်ပစ္စည်းများကို ညပိုင်းအချိန်များတွင် လျှို့ဝှက်ထုတ်ပေးနေသကဲ့သို့ အာဏာပိုင်အချို့ကိုယ်တိုင်က လမ်းကြောင်းရှင်းပေးမှုများပင် ရှိနေကြောင်း သိရသည်။

“ကျတော်တို့ မျက်စိရှေ့တင် ဖမ်းသွားတဲ့ကားတွေက ရဲတပ်ရင်းထဲ ရောက်သွားပြီး နောက်ရက်ကျရင် ပစ္စည်းတွေက မရှိတော့ဘူးဗျ။ ကုန်သည်တွေနဲ့ ရဲတွေနဲ့က ကြိုပြီး လက်ဝါးရိုက်ထားကြတာ။ ပိုက်ဆံသာ ပေးနိုင်ရင် ဘာပစ္စည်းပဲဖြစ်ဖြစ် ပြန်ထုတ်လို့ရနေတာပဲ။ ဒီလိုမျိုးတွေ ဖြစ်နေတာက တရားဥပဒေဆိုတာကို လုံးဝကို စော်ကားနေသလိုပဲဗျာ” ဟု ကန်ပိုက်တီးလမ်းပေါ်ရှိ ဒေသခံတစ်ဦးက သုံးသပ်သည်။

ယခုကဲ့သို့ စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များအကြား လက်ဝါးရိုက်စားနေမှုများကြောင့် တရားမဝင်ကုန်စည်စီးဆင်းမှုကို ထိန်းချုပ်နိုင်ခြင်း မရှိသည့်အပြင် နိုင်ငံတော်အတွက် ရသင့်ရထိုက်သည့် အခွန်ဘဏ္ဍာများသည်လည်း အဂတိလိုက်စားသူများ၏ လက်ဝယ်သို့သာ ရောက်ရှိနေကြောင်း ဒေသခံများက ဆိုသည်။

ဒေသခံများ၏ ပြောပြချက်အရ အချို့ကုန်တင်ယာဉ်ပိုင်ရှင်များသည် ရဲတပ်ရင်းရှိ တာဝန်ရှိသူများနှင့် တိုက်ရိုက်ချိတ်ဆက်ကာ ကုန်ပစ္စည်းတန်ဖိုးအပေါ် မူတည်၍ လာဘ်ငွေပေးဆောင်ပြီး လုပ်ငန်းလည်ပတ်နေကြခြင်း ဖြစ်သည်။

“တကယ်တော့ ဖမ်းတယ်ဆိုတာက သူတို့အတွက် ပိုက်ဆံတောင်းဖို့ လမ်းပွင့်သွားအောင် လုပ်ပေးလိုက်သလိုပါပဲဗျာ။ စစ်တပ်က ဖမ်းပေးမှလည်း ရဲကနေ မင်းတို့ပစ္စည်းတွေ မိထားတယ်ဆိုပြီး ပိုက်ဆံတောင်းဖို့ အကြောင်းပြချက် ရှိသွားမှာကိုး။ တကယ်တမ်းတော့ နိုင်ငံက တားမြစ်ထားတဲ့ ပစ္စည်းတွေပဲဖြစ်ဖြစ်၊ ဘာပဲဖြစ်ဖြစ်ပေါ့ဗျာ သူတို့ကို ပိုက်ဆံသာ ပေးလိုက်ရင် လမ်းကြောင်းပေါ်မှာ အမြဲတမ်း ပြန်မြင်နေရတာပဲ” ဟု ဝိုင်းမော်ဒေသခံ လူငယ်တစ်ဦးက ၎င်း၏ အမြင်ကို ဖွင့်ဟသည်။

ယင်းကဲ့သို့ ရဲတပ်ရင်းနှင့် စစ်တပ်တို့၏ အပြန်အလှန် လက်ဝါးရိုက် အဂတိလိုက်စားမှုများသည် ဒေသတွင်း တရားဥပဒေစိုးမိုးရေးကို လုံးဝပျက်ပြားစေသည့်အပြင် နယ်စပ်ကုန်သွယ်ရေးကိုလည်း အမှောင်ထုဖုံးလွှမ်းစေကြောင်း ဒေသခံများက ဝေဖန်ကြသည်။