မှောင်ခိုဈေးကွက်ကြောင့် မွန်က ရွှေဆိုင်လုပ်ငန်းများကို စစ်အုပ်စု ခေါ်ယူစစ်ဆေးနေ

ဓာတ်ပုံ − လူမှုကွန်ရက်
ပုံစာ − ကျိုက်ထိုမြို့နယ်ရှိ ရွှေဆိုင်များကို စစ်ကော်မရှင်ပူးပေါင်းအဖွဲ့က လိုက်လံစစ်ဆေးစဉ်။(ပုံဟောင်း)

ရွှေဈေးအဆမတန်မြင့်တက်လာပြီးနောက် မွန်ပြည်နယ်အတွင်း ရွှေဆိုင်လုပ်ငန်းရှင်များကို စစ်ကော်မရှင်က ခေါ်ယူစစ်ဆေးမှုများ ပြုလုပ်နေကြောင်း လုပ်ငန်းရှင်အချို့က ပြောသည်။

ကမ္ဘာ့ရွှေဈေးမြင့်တက်လာခြင်းနှင့်အတူ ပြည်တွင်း ရွှေဈေးမှာလည်း ငွေကျပ်သိန်းတရာကျော်ဝန်းကျင်အထိ မြင့်တက်လာပြီးနောက် လုပ်ငန်းရှင်အများစုက အခေါက်ရွှေ အတုံးများ ရောင်းဝယ်မှုကို ခေတ္တရပ်နားထားကြသည်။

အကြောင်းပြချက် ခိုင်ခိုင်လုံလုံ မရှိဘဲ အခေါက်ရွှေ အတုံးအခဲများ ရောင်းဝယ်ခြင်း မပြုလုပ်သည့် လုပ်ငန်းရှင်တွေကို အဓိက ခေါ်ယူစစ်ဆေးမေးမြန်းခဲ့ခြင်းဖြစ်သည်ဟု မော်လမြိုင်မြို့မှ ရွှေလုပ်ငန်းရှင်တစ်ဦးက MPA ကို ပြောသည်။

“ကျတော်တို့က အတုံးအခဲတွေ ရောင်းဝယ်တာ ခဏရပ်ထားတယ်၊ အဲဒီကိစ္စ ခေါ်ပြောတာလဲ ပါတယ်၊ နောက်အကြောင်းအရင်းကိစ္စတွေလည်း ပါတယ်ပေါ့နော်၊ ကောင်းကောင်းမွန်မွန်ပါပဲ ညှိနှိုင်းပြောဆိုကြတာ” ဟု ၎င်းက ပြောသည်။

ရွှေဆိုင်လုပ်ငန်းရှင်အချို့ဟာ မှောင်ခိုဈေးကွက်ရောင်းဝယ်မှုများ ပြုလုပ်နေသည့်အတွက် ခေါ်ယူသတိပေးခံရခြင်းဖြစ်သည်ဟု MPA က စုံစမ်းသိရှိထားသော်လည်း ယင်းသတင်းနှင့်ပတ်သက်ပြီး အထက်ပါရွှေလုပ်ငန်းရှင်က ဖြေဆိုရန် ငြင်းဆိုသည်။

အဆိုပါရွှေဆိုင်လုပ်ငန်းရှင်များကို ပြီးခဲ့သည့် ဇန်နဝါရီလကုန်ပိုင်းကတည်းက စတင်ခေါ်ယူစစ်ဆေးခဲ့ပြီး စုစုပေါင်း လုပ်ငန်းရှင် ၁၀ ဦးအထက်ရှိကြောင်း သိရသည်။

“အခုဟာ ဒီလုပ်ငန်းရှင်တွေကို အရေးယူလိုက်လို့ ပြဿနာက ပြီးသွားတာမှ မဟုတ်တာ၊ ဘာလို့ ဈေးတက်နေလဲ ဆိုတာ လူတိုင်းသိတယ်၊ ကမ္ဘာ့ဈေးကွက်က ဖြစ်တာလေ၊ ရည်ညွှန်းဈေးအတိုင်းဖြစ်ဖို့က ဒေါ်လာဈေးကို အခုထိ မထိန်းပေးနိုင်တာ စီးပွားရေးသမားကတော့ စီးပွားရေးသမားဆန်ဆန် စဉ်းစားမှာပဲ၊ သူတို့အလုပ်လေ” ဟု ပေါင်မြို့ပေါ်တွင် ရွှေဆိုင်ဖွင့်လှစ်ထားသူတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၅ ရက်နေ့ကလည်း ရန်ကုန်ရွှေအသင်း ဥက္ကဌ ဦးမျိုးမြင့်၊ ဒုဥက္ကဌနှင့် အတွင်းရေးမှူးတို့ကို စစ်ကော်မရှင်က ဖမ်းဆီးလိုက်တယ်လို့ ထုတ်ပြန်ခဲ့သည်။

၎င်းတို့သည် ပြည်တွင်း ရွှေဈေးကွက် မတည်မငြိမ်ဖြစ်စေဖို့ ရွှေတုံးရွှေခဲသိုလှောင်ဖြန့်ဖြူးရောင်းချသည့် စွပ်စွဲချက်ဖြင့် အရေးယူခဲ့သည်ဟု ဆိုသည်။

ယခုလို ရွှေအသင်းခေါင်းဆောင်ပိုင်း ဖမ်းဆီးခံရမှုများ ရှိလာပြီးနောက် ရွှေဈေး ၁၀ သိန်းဝန်းကျင် ပြန်ကျလာခဲ့သည်။

ယနေ့ ဖေဖော်ဝါရီလ ၈ ရက် မြန်မာ့ရွှေဈေး ၁၆ ပဲရည် ရောင်းဈေး ၁၀၅၅၀၀၀၀ ကျပ်၊ ဝယ်ဈေး ၁၀၄၅၀၀၀၀ ကျပ်ပေါက်ဈေးရှိပြီး ၁၅ ပဲရည်က ၉၉၃၀၀၀၀ ဈေးရှိသည်ဟု ထုတ်ပြန်ထားသည်။

“နယ်ဘက်တော့ သိတဲ့အတိုင်း အရောင်းအဝယ်ကတော့ တချို့ရက်ဆို တော်တော်အေးနေတယ်၊ လိုအပ်ချက်အရတော့ အဒေါ်တို့ကလည်း အတုံးအခဲတွေဘက်ကို ခဏနားထားတာ ရှိတယ်။ အခုက ဈေးက မြင်တဲ့အတိုင်းပဲလေ၊ ခေါ်စစ်နေတာတော့ ကြားတယ်၊ အန်တီတို့တော့ ပုံမှန်ပါပဲ အရောင်းအဝယ်ကို ချင့်ချိန်ထားတယ်။ ဆိုင်ကျတော့ ပုံမှန်အတိုင်းပဲ ဖွင့်ထားရတဲ့ အခြေအနေပေါ့နော်” ဟု ပေါင်မြို့နယ် ဇင်းကျိုက်မြို့တွင် ရွှေဆိုင်ဖွင့်လှစ်ထားသူတစ်ဦးက ပြောသည်။

စစ်ကော်မရှင်က သတ်မှတ်ဈေးအတိုင်း မရောင်းပါက ဖမ်းဆီးပြီး ပိုင်ဆိုင်မှုပါ သိမ်းဆည်းမည်ဟု မကြာခဏခြိမ်းခြောက်ပြောဆိုသော်လည်း ဈေးကွက်အတွင်း ကြိုက်ရောင်းကြိုက်ဝယ်ပုံစံမျိုးဖြင့် ရောင်းဝယ်နေကြသူများရှိသလို ရန်ကုန်ဈေးကွက်ကို အခြေခံပြီး ရောင်းဝယ်မှုများလည်း ရှိကြောင်း ၎င်းက ဆက်ပြောသည်။

ကမ္ဘာ့ရွှေဈေးသည် ကမ္ဘာ့အင်အားကြီးနိုင်ငံဖြစ်သည့် အမေရိကန်အပါအဝင် နိုင်ငံအချို့မှာ ဘဏ္ဍာရေး၊ ပထဝီနိုင်ငံရေး မတည်မငြိမ်မှုနှင့်အတူ မရေရာမှုများကြောင့် ရွှေဈေးနှုန်း တက်လာဖို့ အကြောင်းတခုဖြစ်ခဲ့သည်ဟု ကျွမ်းကျင်သူများက ပြောဆိုထားသည်။

မြန်မာနိုင်ငံမှာတော့ စစ်ကော်မရှင် အာဏာမသိမ်းခင်က ရွှေတကျပ်သားကို ငွေကျပ် ၁၀ သိန်း အထက်ဝန်းကျင်ရှိရာကနေ အာဏာသိမ်းပြီး ၅ နှစ်အကြာ သိန်းတရာကျော်အထိ ရှိလာခဲ့သည်။

ယခုလို ရွှေဈေးနှုန်းမြင့်တက်လာမှုနှင့် မတည်ငြိမ်မှုများကြောင့် ရွှေအရောင်းအဝယ်ပြုလုပ်သူနည်းပါးလာပြီး အိမ်ခြံမြေဝယ်ယူရင်းနှီးမြှုပ်နှံမှု ပိုများလာကြောင်း သိရသည်။