ဒလတံတားစီမံကိန်းသည် ပြည်သူ့အစိုးရ၏ ကြိုးပမ်းမှုသာဖြစ်ပြီး စစ်ကော်မရှင်က အချောင်နှိုက် ဖွင့်လှစ်ခဲ့ခြင်းဖြစ်

ဓာတ်ပုံ-လူမှုကွန်ရက်

မကြာသေးမီရက်ပိုင်းအတွင်း ဒလတံတားဖွင့်လှစ်ခြင်းနှင့် ပတ်သက်၍ စစ်ကော်မရှင်လော်ဘီများက မင်းအောင်လှိုင်၏ စွမ်းဆောင်မှုကြောင့် တည်ဆောက်ပေးခဲ့သကဲ့သို့ မဟုတ်မမှန် ဝါဒဖြန့်ချိမှုများ ပြုလုပ်နေကြသည်။

တကယ်တမ်းတွင် ဤတံတားစီမံကိန်းသည် အစိုးရအဆက်ဆက် ပြည်သူများအတွက် ကြိုးပမ်းခဲ့သည့် ရလဒ်ဖြစ်သလိုNLD ပြည်သူ့အစိုးရလက်ထက်တွင် အကောင်အထည်ဖော်မှု အရှိန်အဟုန်အမြင့်ဆုံး လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

ဤတံတားစီမံကိန်းကို ၂၀၁၂ ခုနှစ် ဦးသိန်းစိန်အစိုးရလက်ထက်တွင် စတင်အဆိုပြုခဲ့ခြင်းဖြစ်ပြီး ၂၀၁၄ ခုနှစ်တွင် ကိုရီးယားနိုင်ငံ၏ EDCF ချေးငွေဖြင့် တည်ဆောက်ရန် သဘောတူညီချက် ရရှိခဲ့ခြင်းဖြစ်သော်လည်း မြေပြင်တွင် လုပ်ငန်းများ စတင်နိုင်ရန် မြေနေရာပြဿနာများကို ဖြေရှင်းခြင်းနှင့် တည်ဆောက်ရေးလုပ်ငန်းများကို အစအဆုံး စနစ်တကျ စီမံခန့်ခွဲခဲ့သည်မှာ NLD ပြည်သူ့အစိုးရပင် ဖြစ်သည်။

“နိုင်ငံတကာက ယုံကြည်လို့ ပေးခဲ့တဲ့ စီမံကိန်းတွေကိုမှ အခုလို အချောင်နှိုက် နာမည်ယူနေတာဟာ စစ်ကော်မရှင်မှာ ကိုယ်ပိုင် ဖန်တီးနိုင်စွမ်းရော၊ တိုင်းပြည်ကို တည်ဆောက်နိုင်တဲ့ အရည်အချင်းရော မရှိဘူးဆိုတာကို ဗြောင်ကျကျ သက်သေပြနေတာပဲ” ဟု နိုင်ငံရေးလေ့လာသူ တစ်ဦးက သုံးသပ်သည်။

ရန်ကုန်-ဒလ မြစ်ကူးတံတားအတွက် ကုန်ကျစရိတ်၏ အများစုဖြစ်သော အမေရိကန်ဒေါ်လာ ၁၃၇ သန်းကျော်ကို တောင်ကိုရီးယားနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေးရန်ပုံငွေ (EDCF) မှ အလွန်သက်သာသော အတိုးနှုန်းဖြင့် ချေးယူခဲ့ခြင်းဖြစ်ကာ မြန်မာနိုင်ငံဘက်မှ ဒေါ်လာ ၃၁ သန်းခန့်သာ စိုက်ထုတ်ခဲ့ရသဖြင့် ဤစီမံကိန်းသည် နိုင်ငံတကာက ပြည်သူ့အစိုးရအပေါ် ယုံကြည်၍ ကူညီခဲ့ခြင်းဖြစ်ကြောင်း ထင်ရှားလှကြောင်း ၎င်းက ဆက်လက်ပြောသည်။

၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ပန္နက်ရိုက် အုတ်မြစ်ချပေးခဲ့ပြီး လုပ်ငန်းများ စတင်ခဲ့ခြင်းဖြစ်ကာ စစ်ကော်မရှင် အာဏာမသိမ်းမီကတည်းက တံတား၏ အောက်ခြေတိုင်များနှင့် အဓိက အစိတ်အပိုင်းအတော်များများမှာ ပြီးစီးနေပြီဖြစ်သဖြင့် ၎င်းတို့က ယခုမှ နာမည်ကောင်း အချောင်နှိုက်နေခြင်းမှာ သမိုင်းအမှန်ကို မျက်ကွယ်ပြုခြင်းသာ ဖြစ်ကြောင်း တက်ကြွလှုပ်ရှားသူတစ်ဦးက မှတ်ချက်ပြုသည်။

“စစ်ကော်မရှင်ဟာ နိုင်ငံရေးမှာရော စစ်ရေးမှာပါ ဘယ်လိုမှ အဖတ်ဆယ်လို့ မရအောင် ရှုံးနိမ့်နေပြီဖြစ်တဲ့အတွက် ပြည်သူ့အစိုးရရဲ့ လက်ရာတွေကို သူတို့လုပ်တာပါဆိုပြီး အရှက်မရှိ ပုံဖော်နေတာဟာ သူတို့ရဲ့ ရှုံးနိမ့်မှုတွေကနေ ထွက်ပေါက်ရှာဖို့ ကြိုးစားနေတာပဲ” ဟု ၎င်းက ပြောသည်။

အချက်အလက်များအရ ဤတံတားသည် သံမဏိကြိုးဆိုင်းတံတားအမျိုးအစားဖြစ်ပြီး စုစုပေါင်းအရှည် ၁၈၆၈ မီတာ ရှိသည်။ NLD အစိုးရလက်ထက်တွင် ဤစီမံကိန်းကို ကိုရီးယားကျွမ်းကျင်ပညာရှင်များနှင့် ပူးပေါင်းကာ သဘာဝပတ်ဝန်းကျင် ထိခိုက်မှု အနည်းဆုံးဖြစ်အောင် စနစ်တကျ ရေးဆွဲခဲ့သလို ဒလဘက်ရှိ ပြည်သူများ၏ လူမှုစီးပွားဘဝ တိုးတက်စေရန် အဓိက ဦးတည်ခဲ့ခြင်း ဖြစ်သည်။

နိုင်ငံတကာမှ ချေးငွေများနှင့် ပြည်သူ့အစိုးရ၏ စီမံကိန်းများကို အာဏာသိမ်းပြီးနောက် ၎င်းတို့၏လက်ရာကဲ့သို့ ပုံဖော်ကာ နာမည်ကောင်းယူခြင်းမှာ စစ်ကော်မရှင်၏ ထုံးစံတစ်ခုကဲ့သို့ ဖြစ်နေကြောင်း NLD အစိုးရလက်ထက်တွင် အုပ်ချုပ်ရေးမှူးအဖြစ် ဆောင်ရွက်ခဲ့သူတစ်ဦးက ပြောသည်။

“တကယ်တမ်း တံတားဖြစ်မြော်ကဖို့အတွက် ကိုရီးယားနိုင်ငံနဲ့ ညှိနှိုင်းတာ၊ ဘတ်ဂျက်ချမှတ်တာ မြေပြင်လုပ်ငန်းတွေကို တွန်းအားပေးခဲ့တာမှာ မင်းအောင်လှိုင် တစ်စုံတစ်ရာပါဝင်မှုမရှိခဲ့ဘူး” ဟု ၎င်းက ဆိုသည်။

တံတားတည်ဆောက်ရေး ကာလတစ်လျှောက်တွင်လည်း NLD အစိုးရက ပွင့်လင်းမြင်သာမှုရှိရှိဖြင့် လုပ်ငန်းစဉ်များကို ပြည်သူများထံ အမြဲအသိပေးခဲ့သော်လည်း ၊ စစ်ကော်မရှင်လက်ထက်တွင် စီမံကိန်းကာလများ ကြန့်ကြာသွားခဲ့ရုံသာမကဘဲ ယခုအခါ ၎င်းတို့၏ အောင်မြင်မှုတစ်ခုအဖြစ် ဟန်ပြဖွင့်လှစ်ကာ ဝါဒဖြန့်ရန်သာ ကြိုးစားနေသည်ကို တွေ့ရသည်။

ဒလတံတားအတွက် ချေးငွေသည် နှစ်ပေါင်း ၄၀ သက်တမ်းရှိပြီး အတိုးနှုန်း ၀.၀၁ ရာခိုင်နှုန်းသာရှိသော အလွန်သက်သာသည့် ချေးငွေမျိုးဖြစ်သည်။ ဤသည်မှာ နိုင်ငံတကာက ဒီမိုကရေစီအစိုးရကို ပေးအပ်သည့် လက်ဆောင်ဖြစ်ပြီး အာဏာသိမ်း စစ်ကော်မရှင်သာဆိုပါက မည်သည့်နိုင်ငံကမျှ ဤကဲ့သို့ ယုံကြည်မှုမျိုးဖြင့် ကူညီမည်မဟုတ်ကြောင်း နိုင်ငံရေးလေ့လာသူ၊ တက်ကြွလှုပ်ရှားသူများနှင့် ပြည်သူများက တညီတညွတ်တည်းပြောသည်။

ဒလ ဒေသခံပြည်သူတစ်ဦးကလည်း “ကျမတို့ ပန္နက်ရိုက်ကတည်းက ဒေါ်အောင်ဆန်းစုကြည်ကို ကြည့်ပြီး ဝမ်းသာခဲ့ရတာပါ။ အခု တံတားပြီးတော့ သူတို့က နာမည်ယူချင်နေတာကတော့ တကယ့်ကို အရှက်မဲ့တဲ့ လုပ်ရပ်ပါပဲ” ဟု ပြောသည်။

ဒလတံတားသည် ပြည်သူများ၏ အခွန်ငွေ၊ နိုင်ငံတကာ၏ ကူညီမှုနှင့် ပြည်သူ့အစိုးရ၏ ကြိုးပမ်းမှုတို့ကြောင့် ပေါ်ပေါက်လာခြင်းဖြစ်ပြီး စစ်ကော်မရှင်၏ လက်ရာမဟုတ်ကြောင်း ပြည်သူများက ဆိုသည်။