ဗဟိုဦးစီးစနစ်ကို ဆက်လက်ကိုင်ဆွဲထားမည်ဟု စစ်ခေါင်းဆောင် သဘောထားထုတ်ပြော

ဓာတ်ပုံ-လူမှုကွန်ရက်

အတုအယောင် ရွေးကောက်ပွဲ ပြုလုပ်ပြီးနောက် အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဒီမိုကရေစီ မဆန်သည့် ဗဟိုဦးစီးစနစ်ကို ဆက်လက်ကိုင်စွဲထားမည့် သဘောထားကို ထုတ်ဖော်ပြောကြားလာကြောင်း သိရသည်။

စစ်ခေါင်းဆောင်သည် ယမန်နေ့က နေပြည်တော်၌ ပြုလုပ်သည့် အကယ်ဒမီပေးပွဲတွင် ထိုသို့ သဘောထားရှိကြောင်း ထုတ်ပြောလာခြင်း ဖြစ်သည်။

“ဒီမိုကရေစီဆိုတာ ပြည်သူလူထုအုပ်ချုပ်တဲ့စနစ်လို့ ပြောနိုင်ပေမယ့် ဒီစနစ်ကို ကျင့်သုံးနိုင်ဖို့အတွက် ဆောင်ရွက်ကြရတဲ့ ဒီမိုကရေစီကူးပြောင်းရေးလုပ်ငန်းစဉ်တွေကို ဒီမိုကရက်တိုက်ဇေးရှင်း (Democratization) လို့ ခေါ်ဆိုကြတာဖြစ်ပါတယ်။ တစ်နည်းအားဖြင့် ပြောရလျှင် ဗဟိုဦးစီးအုပ်ချုပ်ရေးစနစ်ကနေ ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်ကို ကူးပြောင်းရာမှာ ချက်ချင်းလက်ငင်း ပြီးပြီးရော ပြောင်းလဲပေး၍မရဘဲ အဆင့်ဆင့်ကူးပြောင်းရခြင်းကို ဒီမိုကရက်တိုက်ဇေးရှင်းလို့ ခေါ်ဆိုကြတာပဲဖြစ်ပါတယ်။” ဟု စစ်ခေါင်းဆောင်က ပြောခဲ့ခြင်း ဖြစ်သည်။

” စစ်ခေါင်းဆောင်ရဲ့ စကားတွေဟာ ဒီမိုကရေစီကို အကြောင်းပြပြီး ဗဟိုဦးစီးစနစ်နဲ့ အာဏာရှင်လမ်းစဉ်ကိုပဲ ဆက်လျှောက်မယ်ဆိုတာ ဗြောင်ကျကျ ဝန်ခံလိုက်တာပဲ။ တကယ်တမ်း သူတို့ပြောတဲ့ ဒီမိုကရက်တိုက်ဇေးရှင်းဆိုတာက ပြည်သူ့ဆန္ဒကို အကောင်အထည်ဖော်ဖို့ မဟုတ်ဘဲ၊ သူတို့တစ်စု အာဏာကို ဘယ်လို ရေရှည်ဆွဲဆန့်မလဲဆိုတာကို ဥပဒေအကြောင်းပြချက်တွေနဲ့ အချိန်ဆွဲနေတာပဲ ဖြစ်တယ်” ဟု တရားလွှတ်တော် ရှေ့နေတစ်ဦးက မှတ်ချက်ပြုသည်။

ထို့ပြင် မင်းအောင်လှိုင်က ဒီမိုကရေစီအဆင့်သို့ ရောက်ရှိရန်အတွက် လူ့အဖွဲ့အစည်းတစ်ရပ်လုံးအနေဖြင့် လက်ရှိဖြစ်ပေါ်နေသော ပကတိအခြေအနေများကို လက်ခံရင်ဆိုင်ကြရမည်ဖြစ်ကြောင်း၊ လက်တွေ့ကျမှုမရှိဘဲ လူထုအကြိုက် ဆွဲဆောင်စည်းရုံးသည့် လှုံ့ဆော်မှုများကို ရှောင်ကြဉ်ရမည်ဖြစ်သကဲ့သို့၊ မိမိတို့၏ တစ်ဦးချင်းစိတ်ဆန္ဒများကို ရှေ့တန်းတင်၍ ချဉ်းကပ်ဆောင်ရွက်ခြင်းမျိုးလည်း မပြုလုပ်သင့်ကြောင်း ပြောကြားခဲ့သည်။

စစ်ခေါင်းဆောင်သည် ပြီးခဲ့သည့် ရက်ပိုင်းကလည်း ပြည်ထောင်စုအတိုင်ပင်ခံကောင်စီ ဥပဒေဟုဆိုကာ ၎င်း၏အာဏာကို ဆက်လက်ချုပ်ကိုင်ထားမည့် ဥပဒေတစ်ရပ်ကို လက်မှတ်ထိုး ထုတ်ပြန်ထားသည်။

“ဒီဥပဒေဟာ အာဏာသိမ်းစစ်တပ် အနေနဲ့ ဗိုလ်မင်းအောင်လှိုင် တစ်ဦးတည်းသာမကဘဲ သူတို့စစ်တပ်နဲ့ ပလဲနံသင့်အသိုင်းအဝိုင်းကနေ အာဏာကို ဆက်လက်မောင်ပိုင်စီးထားမယ့် သဘောကို ထုတ်ပြလိုက်တာပဲ ဖြစ်ပါတယ်” ဟု ရန်ကုန်မြို့အခြေစိုက် နိုင်ငံရေးလေ့လာသူတစ်ဦးက ပြောသည်။

ထို့ပြင် ၎င်းက အာဏာသိမ်းစစ်ခေါင်းဆောင်အနေဖြင့် ဒီမိုကရေစီ ကူးပြောင်းနေကြောင်း ဟန်ပြအနေဖြင့် သမ္မတနေရာအား အတုအယောင် ရွေးကောက်ပွဲမှ အနိုင်ရသည့် ကြံ့ခိုင်ရေးပါတီမှ တစ်ဦးဦးကိုပေးရန် အခြေအနေများနေသည်ဟုလည်း ဆိုသည်။

စစ်ခေါင်းဆောင် ဦးဆောင်သည့် အာဏာသိမ်းစစ်တပ်သည် ၂၀၂၁ ခုနှစ်တွင် ရွေးကောက်ခံ NLD အစိုးရကို ဖြုတ်ချကာ အာဏာသိမ်းခဲ့ပြီး နိုင်ငံ၏ ဒီမိုကရေစီအကူးအပြောင်း (Democratization) ဖြစ်စဉ်ကို နောက်ကြောင်းပြန် ရပ်တန့်စေခဲ့သည်။

၎င်းတို့ အာဏာသိမ်းကာလ ၅ နှစ်အတွင်း နိုင်ငံသည် စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး အဖက်ဖက်မှ နိမ့်ဆင်းသွားခဲ့ပြီး လက်နက်ကိုင် ခုခံတော်လှန်မှုများအကြား ၎င်းတို့ကိုယ်တိုင်လည်း လွတ်လပ်ရေးရပြီးနောက်ပိုင်း အဆိုးဆုံးသော ဖိအားများကို ရင်ဆိုင်နေရသည်။

အဆိုပါ အခြေအနေတွင် တရုတ်နိုင်ငံ၏ အကူအညီကိုရယူကာ စစ်ခေါင်းဆောင်သည် အတုအယောင်ရွေးကောက်ပွဲ ပြုလုပ်၍ ထွက်ပေါက်ရှာလျက်ရှိနေပြီး ယင်းနောက်တွင် ဗဟိုဦးစီးစနစ် ဆက်လက်ကျင့်သုံးကာ အာဏာဆက်လက်ဆွဲကိုင်ထားမည့် သဘောကို ထုတ်ဖော်ပြောနေခြင်း ဖြစ်သည်။