ခြင်္သေ့က သားကောင်ကိုလိုက်သလို ဆောင်ရွက်ခဲ့သည့်အတွက် ICJ မှာ အောင်မြင်မှုရရှိခဲ့ဟု မင်းအောင်လှိုင် ကြွားလုံးထုတ်

ဓာတ်ပုံ-လူမှုကွန်ရက်

အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် မြန်မာနိုင်ငံက ရင်ဆိုင်နေရသည့် လူမျိုးသုဉ်းစေမှု (Genocide) စွပ်စွဲချက်အမှုနှင့် ပတ်သက်၍ ဇန်နဝါရီလအတွင်းက သွားရောက်ရင်ဆိုင်ခဲ့သည့် ကိုယ်စားလှယ်အဖွဲ့အား စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ယမန်နေ့( ဖေဖော်ဝါရီ ၈ရက်)က ဂုဏ်ပြုညစာစားပွဲ ကျင်းပပေးခဲ့သည်။

အဆိုပါအခမ်းအနား၌ စစ်ခေါင်းဆောင်က ၎င်းတို့၏ ဆောင်ရွက်ချက်များကို အမွှမ်းတင်ပြောကြားခဲ့ပြီး အမှုကို ရင်ဆိုင်ရာတွင် ကိစ္စကြီးငယ်မခွဲခြားဘဲ ခြင်္သေ့က သားကောင်ကို လိုက်သလို အင်ပြည့်အားပြည့် စနစ်တကျ ပြင်ဆင်ခဲ့ခြင်းကြောင့် အခြေအနေကောင်းများ ရရှိနေသည်ဟု ကြွားလုံးထုတ် ပြောဆိုခဲ့သည်။

စစ်ခေါင်းဆောင်၏ အဆိုအရ အစိုးရဟောင်းလက်ထက်က စတင်ခဲ့သည့် ဤအမှုကို ၎င်းတို့အာဏာသိမ်းပြီးနောက် ဆက်ခံရင်ဆိုင်ရန် ဆုံးဖြတ်ခဲ့ခြင်းမှာ အမှန်ကန်ဆုံး နည်းလမ်းဖြစ်ကြောင်း၊ ၎င်းတို့ဘက်မှ ပါဝင်ရင်ဆိုင်ခြင်း မရှိခဲ့ပါက တရားရုံးက တစ်ဖက်သတ် စစ်ဆေးသွားမည်ဖြစ်ပြီး နိုင်ငံတွင် ဖျောက်မရသည့် ဂုဏ်သိက္ခာအမည်းစက် စွန်းထင်းသွားမည်ကို စိုးရိမ်သောကြောင့် အစွမ်းကုန် ကြိုးစားခဲ့ရခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

“စစ်ကော်မရှင်ဟာ မြေပြင်တိုက်ပွဲတွေမှာ တောက်လျှောက် ရှုံးနေတာကြောင့် ICJ ကိစ္စကို အောင်မြင်မှုတစ်ခုလို ဟန်ပြပြီး နိုင်ငံရေးထွက်ပေါက် ရှာနေတာလို့ သုံးသပ်ပါတယ်။ အခုလို ကိုယ်စားလှယ်အဖွဲ့ကို ညစာကျွေးပြီး ဂုဏ်ပြုပြနေတာဟာ တကယ်တမ်းကျတော့ သူတို့အဖွဲ့အစည်းအတွင်း ပြိုကွဲမသွားအောင် စည်းလုံးချင်ယောင်ဆောင်ပြတဲ့ ပြကွက်တစ်ခုပဲ” ဟု နိုင်ငံရေး သိပ္ပံလေ့လာသူတစ်ဦးက ပြောသည်။

ဤအမှုတွင် အသာစီးရရှိစေရန်အတွက် ပြည်တွင်းပညာရှင်များသာမက နိုင်ငံတကာရှေ့နေများနှင့် ပြည်ပမှ ရခိုင်သမိုင်းကျွမ်းကျင်သူများကိုပါ ငွေကြေးအမြောက်အမြား အသုံးပြုကာ ငှားရမ်းခဲ့သည်ဟု စစ်ခေါင်းဆောင်က ဆိုသည်။

ဇန်နဝါရီလအတွင်းက ပြုလုပ်ခဲ့သည့် နှုတ်ဖြင့် လျှောက်လဲချက် ကြားနာပွဲတွင် ၎င်းတို့ဘက်မှ ခိုင်မာစွာ ချေပနိုင်ခဲ့သည်ဟု ယူဆကာ ကိုယ်စားလှယ်အဖွဲ့အား အထူးဂုဏ်ယူကြောင်း ပြောဆိုခြင်းမှာ နိုင်ငံတကာဖိအားများကြားတွင် စိတ်ဓာတ်မြှင့်တင်ရန် ကြိုးပမ်းမှုသာဖြစ်ကြောင်း နိုင်ငံရေးလေ့လာသူများက သုံးသပ်ကြသည်။

စစ်ခေါင်းဆောင်ကICJ အမှုအား အရေးကြီးပြီ သွေးစည်းကြစို့ ဟူသည့် အမျိုးသားရေး ခေါင်းစဉ်အောက်သို့ ဆွဲသွင်းခဲ့ပြီး ပြည်သူလူထုက ၎င်းတို့အစိုးရဘက်မှ ရပ်တည်ပေးခဲ့ခြင်းကြောင့် အမျိုးသားစည်းလုံးညီညွတ်မှုကို ပြသနိုင်ခဲ့သည့် အကျိုးအမြတ် ရရှိခဲ့သည်ဟု ဆိုသည်။

သို့သော် ဤပြောကြားချက်မှာ မြေပြင်တွင် စစ်ကော်မရှင်နှင့် ပြည်သူအကြား အကြီးအကျယ် ကွဲပြားနေသည့် အရှိတရားကို ဖုံးကွယ်ရန် ဝါဒဖြန့်ခြင်းသာ ဖြစ်သည်ဟု တက်ကြွလှုပ်ရှားသူများက တုံ့ပြန်ဝေဖန်ကြသည်။

ထို့ပြင် ရိုဟင်ဂျာ ဟူသည့် အသုံးအနှုန်းနှင့် ပတ်သက်၍ နိုင်ငံတကာစင်မြင့်တွင် ၎င်းတို့၏ ရပ်တည်ချက်ကို အထောက် အထားများဖြင့် တင်ပြခွင့်ရခဲ့ခြင်းမှာ အဆိုးထဲက အမြတ် ဖြစ်သည်ဟု စစ်ခေါင်းဆောင်က သတ်မှတ်ခဲ့သည်။

“စစ်ခေါင်းဆောင်ဟာ နိုင်ငံတကာ တရားရုံးကို သူ့ရဲ့ နိုင်ငံရေး မှိုင်းတိုက်ဖို့အတွက် အသုံးချနေတာပဲ၊တကယ်တမ်း သူတို့ ကျူးလွန်ခဲ့တဲ့ လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုတွေကို ဥပဒေကြောင်းပြပြီး လမ်းလွှဲဖို့ ကြိုးစားနေတာပါ” ဟု တက်ကြွလှုပ်ရှားသူ တစ်ဦးက ထောက်ပြသည်။

နိုင်ငံတကာတရားရုံးတွင် တရားခံအဖြစ် စစ်ဆေးခံနေရမှုကို သားကောင်လိုက်သည့် ခြင်္သေ့နှင့် နှိုင်းယှဉ်ခြင်းမှာ အရှိတရားကို ပြောင်းပြန်လှန်၍ တပ်တွင်းစိတ်ဓာတ် တက်ကြွအောင် လုပ်ဆောင်ခြင်းသာ ဖြစ်သည်ဟု နိုင်ငံရေးလေ့လာသူများက ထောက်ပြကြသည်။

“နိုင်ငံတကာမှာလည်း အဖော်မရှိဘဲ အထီးကျန်နေသလို၊ တရားခံအဖြစ်နဲ့ စစ်ဆေးခံနေရတာကိုမှ သူရဲကောင်းကြီးလို ဟန်ဆောင်နေတာဟာ တကယ့်လက်တွေ့ အခြေအနေနဲ့ လုံးဝကို ကင်းကွာနေတယ်။ အတော်အရှက်မဲ့တဲ့လူ” ဟု ရန်ကုန်မြို့တွင်နေထိုင်သည့် အသက် ၄၀ အရွယ်အမျိုးသားတစ်ဦးက မှတ်ချက်ပြုသည်။

တက်ကြွလှုပ်ရှားသူများ၏ အဆိုအရ စစ်ခေါင်းဆောင်၏ သွေးစည်းကြစို့ ဟူသည့် စကားလုံးမှာ ပြည်သူကို လှည့်စားခြင်းသာ ဖြစ်ကြောင်း၊ ပြည်သူလူထုက စစ်အာဏာရှင်စနစ်ကို ပြတ်ပြတ်သားသား ဆန့်ကျင်နေချိန်တွင် ICJ အမှုအား အမျိုးသားရေး ခေါင်းစဉ်တပ်၍ ပြည်သူ့ဝန်းရံမှု ရယူရန် ကြိုးပမ်းခြင်းမှာ အလွန်ရုပ်ဆိုးသည့် လုပ်ရပ်ဖြစ်ကြောင်း ၎င်းတို့က ဝေဖန်ကြသည်။

လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများကမူ ခြင်္သေ့က သားကောင်ကို လိုက်သလို ဟူသည့် စကားလုံးမှာ ရခိုင်ပြည်နယ်အတွင်း ကျူးလွန်ခဲ့သည့် ရက်စက်ကြမ်းကြုတ်မှုများကို ပိုမိုပေါ်လွင်စေသည်ဟု ထောက်ပြကြသည်။ အားနည်းသည့် အရပ်သားများကို သားကောင်ကဲ့သို့ သဘောထားကာ နှိမ်နင်းခဲ့မှုကို ဂုဏ်ယူစွာ ပြောဆိုနေခြင်းမှာ စစ်ခေါင်းဆောင်၏ ရက်စက်သည့် စိတ်နေစိတ်ထားကို ပြသရာရောက်ကြောင်း ဝေဖန်ကြသည်။

နိုင်ငံတကာ ဆက်ဆံရေး လေ့လာသူများ၏ ရှုမြင်ချက်အရ ဤဂုဏ်ပြုပွဲမှာ ICJ ၏ နောက်ဆုံးစီရင်ချက် ထွက်မလာမီ ကြိုတင်၍ အောင်ပွဲခံပြခြင်း ဖြစ်သည်ဟု ဆိုကြသည်။ အမှန်တကယ်တွင် ဥပဒေကြောင်းအရ အသာစီးရရှိမှုထက် နိုင်ငံရေးအရ ဝါဒဖြန့်မှုကိုသာ အဓိကထားနေခြင်းဖြစ်ရာ နိုင်ငံတကာအလယ်တွင် မြန်မာနိုင်ငံ၏ ဂုဏ်သိက္ခာကို ပိုမိုကျဆင်းစေကြောင်း ဝေဖန်မှုများ ရှိနေသည်။

စစ်ခေါင်းဆောင်က ဥပဒေကြောင်းဆိုင်ရာ အတွေ့အကြုံများ ရရှိခဲ့သည်ဟု ကြွားဝါနေသော်လည်း လက်တွေ့တွင် နိုင်ငံတကာတရားဥပဒေကို အလေးမထားဘဲ အာဏာရှင်ဆန်သည့် အတ္တဖြင့်သာ ရှေ့ဆက်နေခြင်းဖြစ်သည်ဟု နိုင်ငံရေးလေ့လာသူများက သတ်မှတ်ကြသည်။

နိုင်ငံရေးသိပ္ပံ လေ့လာသူအချို့က စစ်ခေါင်းဆောင်သည် ICJ အမှုကို ပြည်တွင်း၌ ၎င်း၏ တရားဝင်မှုကို တည်ဆောက်ရန် ကောက်ရိုးတစ်မျှင်အဖြစ် အသုံးချနေခြင်းဖြစ်ကြောင်း ဆိုကြသည်။ နိုင်ငံတစ်ဝန်းတွင် စစ်ရေးအရ အထိနာနေချိန်တွင် ဤကဲ့သို့သော ခမ်းနားသည့် အခမ်းအနားများ ပြုလုပ်ခြင်းမှာ တပ်တွင်းစိတ်ဓာတ် ပျက်ပြားမှုကို ထိန်းညှိရန် ကြိုးပမ်းမှုတစ်ခုဖြစ်နိုင်သည်ဟု ခန့်မှန်းကြသည်။