ရုရှား စစ်ထောက်လှမ်းရေးဗိုလ်ချုပ်ကြီးအား ပစ်ခတ်မှုတွင် ဒုတိယမြောက် သံသယရှိသူကို ဒူဘိုင်းတွင် ဖမ်းမိ

ရုရှား၏ စစ်ထောက်လှမ်းရေး ဗိုလ်ချုပ်ကြီးအား ဖေဖော်ဝါရီ ၆ ရက် ပစ်ခတ်မှုတွင် ဒုတိယမြောက် သံသယရှိသူကို ဒူဘိုင်းတွင် ဖမ်းဆီးမိကြောင်း ရုရှားဖက်ဒရယ်လုံခြုံရေးဌာန (FSB) ထုတ်ပြန်ထားသည်။

FSB ၏ ဝက်ဘ်ဆိုက်တွင် သံသယရှိသူ ၃ ဦးကို ဖော်ပြခဲ့ပြီး ပထမတစ်ဦးကို မော်စကိုတွင် ဖမ်းဆီးမိကာ၊ ယခုတစ်ဦးကို ယူအေအီးနိုင်ငံ၊ ဒူဘိုင်းမြို့၌ ဖမ်းဆီးခံခဲ့ရပြီး အခြားတစ်ဦးမှာမူ “ယူကရိန်းသို့ ထွက်ခွာသွားပြီ” ဖြစ်ကြောင်း သိရသည်။

ဒုတိယမြောက်ဖမ်းမိသူ ရုရှားနိုင်ငံသား လျူဘိုမာ ကော်ဘာသည် တိုက်ခိုက်မှုဖြစ်ပွားပြီး နာရီပိုင်းအကြာတွင် ထွက်ပြေးသွားခဲ့သည့် ယူအေအီးနိုင်ငံ၊ ဒူဘိုင်းမြို့၌ ဖမ်းဆီးခံခဲ့ရပြီး ပြန်လည်လွှဲပြောင်းပေးအပ်ခြင်းခံခဲ့ရကြောင်း FSB ကို ကိုးကား၍ ရုရှားနိုင်ငံပိုင် TASS သတင်းဌာနက ဖေဖော်ဝါရီ ၈ ရက်တွင် ဖော်ပြခဲ့သည်။

ကော်ဘာသည် ရုရှားစစ်ဘက်ထောက်လှမ်းရေး ဒုတိယအကြီးအကဲ ဒုတိယဗိုလ်ချုပ်ကြီး ဗလာဒီမာ အလက်ဆီယက်ဗ်ကို ၎င်း၏ မော်စကိုမြို့တော်ရှိ တိုက်ခန်းလှေကားတွင် ချောင်းမြောင်းပစ်ခတ်ခဲ့သည်ဟု စွပ်စွဲခံထားရသူဖြစ်သည်။ အလက်ဆီယက်ဗ်သည် လက်မောင်း၊ ခြေထောက်နှင့် ရင်ဘတ်တို့တွင် ဒဏ်ရာများရရှိခဲ့ပြီး ဆေးရုံသို့ ပို့ဆောင်ကာ ခွဲစိတ်ကုသမှု ခံယူထားရကြောင်း ရုရှားမီဒီယာများက ဖော်ပြခဲ့သည်။

ကော်ဘာကို ယူအေအီးနိုင်ငံ၏ အကူအညီဖြင့် ဒူဘိုင်းတွင် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ရုရှား၏ အဓိကထောက်လှမ်းရေးနှင့် လုံခြုံရေးအေဂျင်စီဖြစ်သော FSB က ပြောကြားသည်။

သမ္မတ ဗလာဒီမာ ပူတင်က သံသယရှိသူကို ဖမ်းဆီးရာတွင် ကူညီပေးခဲ့သည့် ယူအေအီး သမ္မတ မိုဟာမက် ဘင် ဇာယက် အယ်လ် နာယန် ကို ကျေးဇူးတင်ကြောင်း ကရင်မလင်ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စကော့ဗ်က ပြောကြားခဲ့သည်။

၁၉၆၀ ပြည့်နှစ်တွင် ဆိုဗီယက်ယူကရိန်းပိုင် တာနိုပီးလ်ဒေသ၌ မွေးဖွားခဲ့သူ ကော်ဘာကို ယူကရိန်းထောက်လှမ်းရေးအေးဂျင့်များက သောကြာနေ့ ပစ်ခတ်မှုအား လုပ်ဆောင်ရန် တာဝန်ပေးခဲ့ခြင်းဖြစ်ကြောင်း စုံစမ်းစစ်ဆေးသူများက ပြောကြားသည်။

အသက် ၆၄ နှစ်အရွယ် အလက်ဆီယက်ဗ်ကို တိုက်ခိုက်မှုနှင့် ပတ်သက်၍ မည်သည့်အဖွဲ့အစည်းကမျှ ၎င်းတို့လက်ချက်ဖြစ်ကြောင်း ထုတ်ဖော်ခြင်းမရှိသေးသော်လည်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေး လက်ဗရော့ဗ်ကမူ ၎င်းကို “အကြမ်းဖက်တိုက်ခိုက်မှု” ဟု ခေါ်ဆိုခဲ့ပြီး ရုရှား၊ ယူကရိန်းနှင့် အမေရိကန်တို့အကြား စစ်ပွဲအဆုံးသတ်ရန် ဆွေးနွေးမှုများကို နှောင့်ယှက်ရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု စွပ်စွဲထားသည်။