မတူပီ လေကြောင်းတိုက်ခိုက်မှု ကလေးတစ်ဦးအပါအဝင် အမျိုးသား ၃ ဦးသေဆုံး

ဓာတ်ပုံ - Hkl Mindat
ပုံစာ - လေကြောင်းတိုက်ခိုက်ခံရပြီးနောက် မြင်ကွင်း

ချင်းပြည်နယ်၊ မတူပီမြို့နယ်တွင် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးတစ်ဦးအပါအဝင် အမျိုးသား ၃ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီ ၈ ရက်၊ မွန်းလွဲ ၁၂ နာရီခွဲ‌ဝန်းကျင်တွင် မတူပီမြို့နှင့် ၁၂ မိုင်ခန့်အကွာ၊ မင်းတပ်-မတူပီကားလမ်းမပေါ်ရှိ ခြန်းပြန်းကျေးရွာကို စစ်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံးသီးလေးလုံး ကြဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

” ရွာအလယ်တည့်တည့်ကို ဗုံး လေးကြိမ်ချတာ။ တတိယတန်းတက်နေတဲ့ အသက် ၁၃ နှစ်အရွယ် မောင်စံဘွေး နဲ့ အမျိုးသား ၂ ဦး သေဆုံးခဲ့ပါတယ်။ အမျိုးသားတွေက သက်လတ်ပိုင်းတွေလို့ သိရ ပေမဲ့ အသေးစိတ်အချက်အလက်တော့ မသိရသေးပါဘူး။ ဗုံးစထိတာပါ။ ထိခိုက်ဒဏ်ရာရသူ တွေ လည်း တော်တော်များတယ်။ ဆက်သွယ်ရေးပြတ်နေလို့ ဘယ်လောက်ထိတယ်ဆိုတဲ့ အခြေအနေ မသိရသေးပါ။ ပြီးတော့ ဆီသယ်ယာဉ်ကားတစ်စီးနဲ့ နေအိမ်တစ်လုံး မီးလောင်ပျက်စီးခဲ့ပါတယ် ” ဟု မတူပီမြို့နယ် သတင်းရင်းမြစ်က MPA ကို ပြောသည်။

ထို့နောက် မွန်းလွဲ ၂ နာရီ မိနစ် ၅၀ ခန့်တွင်လည်း တော်လှန်ရေးအင်အားစု သိမ်းပိုက်ထားသည့် မတူပီမြို့ထိပ်ကို လေကြောင်းမှ နှစ်ကြိမ် ဗုံးကြဲခဲ့ သေးပြီး ထိခိုက်မှုကိုမသိရသေးကြောင်း ၎င်းကပြောသည်။

ယင်းနေ့တရက်တည်း၌ပင် မင်းတပ်နှင့် ကန်ပက်လက်မြို့တို့ကို‌လည်း စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူထိခိုက်မှုမရှိခဲ့ကြောင်း သိရသည်။

” ကန်ပက်လက်ကို မနက် ၉ခွဲလောက်က ဂျက်ဖိုက်တာနဲ့ ဗုံးသီး ၂ လုံးကြဲတယ်။ ပြည်သူနေအိမ် အချို့နဲ့ အစိုးရရုံးတွေ ထိခိုက်ပျက်စီးပါတယ်။ မင်းတပ်ကိုက မနက် ၁၀ နာရီလောက်မှာ ဂျက်ဖိုက် တာနဲ့ ဗုံးသီး ၂ လုံးကြဲတယ်။ ဈေးဆိုင်၊ ဓမ္မာရုံနဲ့ နေအိမ်တချို့ထိခိုက်ပျက်စီးတယ်လို့ သိရပါတယ် ” ဟု ၎င်းက ဆက်လက်ပြောသည်။

မတူပီ၊ မင်းတပ်နှင့် ကန်ပက်လက်မြို့နယ်တို့ကို စစ်တပ်က စစ်အုပ်ချုပ်ရေးအမိန့် ရက် ၉၀ ထပ်တိုး ကြောင်း ဇန်နဝါရီ ၂၉ရက်က ကြေညာထားပြီးနောက်ပိုင်း လေကြောင်းတိုက်ခိုက်မှု ပိုမိုများပြားလာ ကြောင်း သိရသည်။

ဇန်နဝါရီ ၇ ရက်ကလည်း မင်းတပ်မြို့နယ် တိုက်နယ် ၁ ကို စစ်တပ်က ဗုံး ၅လုံးကြဲချခဲ့သေးသည်။

ချင်းပြည်နယ်၊ မတူပီမြို့ကို ၂၀၂၄ခုနှစ်၊ ဇွန် ၂၉ရက်တွင် ချင်းညီနောင်က အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီး ယနေ့အထိ ထိန်းချုပ်ထားဆဲဖြစ်သည်။