NUG ငွေအလွဲသုံးနေဟု စွပ်စွဲသူများမှာ အစိုးရတစ်ရပ် ကုန်ကျစရိတ်အကြောင်း ဗဟုသုတ မရှိသူများဟုဆို

ဓာတ်ပုံ - လူမှုကွန်ရက်

NUGအစိုးရ ငွေအလွဲသုံးစားလုပ်နေသည်ဟု စွပ်စွဲနေသူများမှာ အစိုးရတစ်ရပ်လည်ပတ်ရန် မည်မျှ ကုန်ကျသလဲဆိုသည့်အကြောင်း ဗဟုသုတမရှိသူများဟု အမေရိကန်အခြေစိုက် နိုင်ငံရေး တက်ကြွ လှုပ်ရှားသူ ဦးဂျိမ်းရွှေက ပြောကြားလိုက်သည်။

NUGအစိုးရက ကုလသမဂ္ဂတွင် မြန်မာနိုင်ငံကိုယ်စားပြု မဲပေးခွင့် မဆုံးရှုံးစေရေးအတွက် နှစ်စဉ်ကြေး ကန်ဒေါ်လာ ၃ သိန်းကျော် ပေးသွင်းပြီး သံတမန်ရေး တိုက်ပွဲဝင်နေကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက PVTV သို့ပြောကြားချက်အပေါ် အခြေခံကာ ဦးဂျိမ်းရွှေက ယနေ့(ဖေဖေါ်ဝါ ရီ၁၀ရက်)၌ ၎င်း၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှတစ်ဆင့် အထက်ပါအတိုင်း မှတ်ချက်ပြုခြင်းဖြစ်သည်။

“ဥပမာ – စစ်ကောင်စီရဲ့ ၂၀၂၃-၂၄ ဘတ်ဂျက်မှာတောင် ပညာရေးဝန်ကြီးဌာနတွေအတွက် သုံးစွဲငွေ ကျပ် ၃.၁ ထရီလီယံ (K 3,146.149 Billion) ရှိကြောင်း သူတို့ရဲ့ မြန်မာ့အလင်း သတင်းစာမှာ ဖော်ပြထားပါတယ်။ ပညာရေးတစ်ခုတည်းတောင် ဒီလောက်ကုန်ရင် တော်လှန်ရေးအစိုးရတစ်ရပ် ရပ်တည်ဖို့ ကုန်ကျစရိတ်ကို ချင့်ချိန်စဉ်းစားသင့်ပါတယ်”ဟု ဦးဂျိမ်းရွှေက ပြောသည်။

အဖွဲ့အစည်းကြီးတိုင်း၌ “Bad Actors” (လူဆိုး/လူမိုက်) ရှိတတ်စမြဲမို့ နိုင်ငံတိုင်း၌ ရဲတပ်ဖွဲ့နှင့် အကျဉ်းထောင် ထားရှိနေရခြင်းဖြစ်ပြီး NUG အစိုးရတွင်လည်း အားနည်းချက်၊ လိုအပ်ချက်များ ရှိကြောင်း ၎င်းက ဆိုသည်။

သို့သော်၊ ပြုပြင်ပြောင်းလဲမည့် နည်းလမ်း (Solution) တစ်စုံတစ်ရာ မပေးနိုင်ဘဲ ပုတ်ခတ်နေရုံ သက်သက်သည် ဝေဖန်သူကိုယ်တိုင် အသိပညာနည်းရာ ရောက်သလို၊ မြန်မာပြည်သူများကိုလည်း အသိပညာနည်းလှသည်ဟု ထင်ရာရောက်ကြောင်းလည်း ဆိုသည်။

“နားလည်သလောက်ပြောရရင် တော်လှန်ရေးခရီးနည်းနည်းကြာလာတယ်။ပိုပြီးလည်း ခက်ခဲကြမ်း တမ်းလာတယ်။တချို့တွေလည်း နိုင်ငံရေးချွတ်ခြုံကျလာတယ်။ဘာလုပ်ရမယ်မှန်းမသိဖြစ်လာ တယ်။ အဲဒီမှာ ကိုယ့်အချင်းချင်း ပြန်လက်ညှိုးထိုးခြင်းနည်းနဲ့ နိုင်ငံရေးအာသာဖြေလာတယ်။တချို့ ဆို ရန်သူအကြောင်း ဘာမှမပြောတော့ဘူး။NUGကို ရန်သူထက်တောင် ပိုပြီးသဲကြီးမဲကြီးတိုက်နေ တာ မြင်နေရတယ်”ဟု ရန်ကုန်အခြေစိုက် ရသစာပေများရေးသားနေသည့် စာရေးဆရာတစ်ဦးက MPAသို့ပြောသည်။

အချို့သောသူများမှာ မိမိ၏ နိုင်ငံရေးအခန်းကဏ္ဍ ပေါ်လွင်စေရန်အတွက် အချင်းချင်းတိုက်ခိုက်မှု ကိုသာ နိုင်ငံရေးလမ်းကြောင်းတစ်ခုအသွင် ပုံဖော်နေကြောင်း ၎င်းက ဆိုသည်။

“တချို့ထဲက တချို့ဆိုရင် အဆင်ပြေတယ်။တတ်နိုင်တယ်။ဒါပေမဲ့၊တော်လှန်ရေးအတွက် ငါးပြားမ လှူဘူး။NUG ကိုမယုံလို့ မလှူလည်း စစ်ဘေးသင့်ပြည်သူတွေကို လှူလေ။အဲဒါလည်း မလှူဘူး။လှူ တာ တန်းတာ သူတို့နဲ့ မဆိုင်ဘူး။သူတို့နဲ့ဆိုင်တာက အပြစ်ထိုင်ပြောဖို့ပဲ ဆိုတာမျိုးဗျ”ဟု ၎င်းက ဆက်လက်ပြောသည်။

လက်တွေ့ကျသည့် အကြံပြုချက်မပါဘဲ အဆိုးမြင် တိုက်ခိုက်နေခြင်းသည် တော်လှန်ရေးလမ်း ကြောင်းလွဲအောင် လုပ်ဆောင်နေသည့် စစ်ကောင်စီ ထောက်တိုင်တို့၏ လုပ်ရပ်နှင့် တူကြောင်း ဦး ဂျိမ်းရွှေက ဆိုသည်။