ဝမ်းတွင်းတွင် အိမ်ဝိုင်းထဲ ကလေးထိန်းနေသူကိုပါ စစ်မှုထမ်းအတွက် စစ်တပ် ဝင်ဖမ်း

မန္တလေးတိုင်း ၊ ဝမ်းတွင်းမြို့နယ်တွင် စစ်မှုထမ်းစာရင်းထဲပါသည်ဟုဆိုကာ အိမ်ဝိုင်းအတွင်း ကလေးထိန်းနေသူကိုပါ စစ်တပ်က ဝင်ရောက်ဖမ်းဆီးသွားကြောင်း သိရသည်။

ဖေဖော်ဝါရီ ၉ ရက်၊ ည ၈ နာရီခန့်က ဝမ်းတွင်းမြို့မှ စစ်သား ၁၀ ဦးခန့် ပါလာသည့် ဖောကားတစ် စီးနှင့် ကားသေးတစ်စီးတို့ ခင်ကြီးကျေးရွာသို့ ရောက်လာကာ စစ်မှုထမ်းစာရင်းထဲ ပါသည်ဆိုသော လူငယ်များကို လိုက်လံဖမ်းဆီးရာ အိမ်ဝိုင်းအတွင်း ကလေး ချော့သိပ်နေသည့် အသက် ၃၂ နှစ်အရွယ် အမျိုးသားတစ်ဦးနှင့် အသက် ၃၀ အရွယ်အမျိုးသားတစ်ဦးတို့ ဖမ်းဆီးခြင်းခံခဲ့ရကြောင်း Voice of Wundwinက သတင်းထုတ်ပြန်ထားသည်။

“မနေ့ညက စစ်မှုထမ်းပါလို့ အဖမ်းခံရတဲ့အမျိုးသားက အိမ်ဝိုင်းထဲမှာ ကလေးသိပ်နေတာကိုဝင်ဆွဲလို့ သူ့မိန်းမက ကားနောက်ကိုငိုပြီး လိုက်နေတာကလေ၊ သူ့မိန်းမက ကျောင်းဆရာမလို့ သိရပါတယ်။ ဖမ်းခံရတဲ့ ၂ ယောက်လုံး ခင်ကြီးရွာသားတွေပါ။ အိမ်တွေထဲမှာ ဝင်အဖမ်းခံရတာ ၂ ယောက်လုံး။ သူတို့တကယ်လာဖမ်းတာက စစ်မှုထမ်းစာရင်းထဲပါတယ်ဆိုပြီး လာဖမ်းတာ အိမ်တွေ တော်တော် များတယ်။ တကယ်မိသွားတာက ၂ ဦးတည်း။ အုပ်ချုပ်ရေးမှူးသားဆိုသူက အိမ်တွေ လိုက်ပြတာ။ လာဖမ်းတာအများကြီး၊ အဲ့ဒီ၂ ယောက်မိပြီး အုပ်ကြီးအိမ်မှာ ညည့်နက်ထိနေနေသေးတယ်။ ပြီးတော့ပြန်သွားတာ”ဟု Voice of Wundwin မှ တာဝန်ရှိသူတစ်ဦးက MPA သို့ပြောသည်။

ထို့နောက် ကားတစ်စီးသည် ခင်ဘန်းကျေးရွာဘက်သို့ ဆက်ထွက်သွားကာ ယနေ့(ဖေဖော်ဝါရီ ၁၀ ရက်) နံနက် တစ်နာရီခန့်တွင် ဝမ်းတွင်းမြို့ဘက်သို့ ပြန်သွားကြောင်း သိရသည်။

“ခင်ဘန်းဘက်ဆက်သွားတယ်ဆိုတဲ့ ကားက လူမမိလာဘူးကြားတယ်။ ကားကြီးပဲ ဖောကားကြီး စခ ၄ ၊ ၅ယောက်ပဲပါတာ။ သူတို့ လုပ်ထားတဲ့ စစ်မှုထမ်းစာရင်းထဲ ပါတဲ့သူတွေ အိမ်တွေကို လိုက်ရှာ တာ”ဟု ၎င်းကဆက်လက်ပြောသည်။

ခင်ကြီးကျေးရွာမှ ဖမ်းဆီးခံခဲ့ရသည့် အမျိုးသား ၂ ဦးကို စစ်တပ်က ငွေဖြင့် ပြန်ရွေးခိုင်းခြင်း ရှိ၊မရှိ Voice of Wundwin က ဆက်လက် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

ခင်ကြီးကျေးရွာသည် ခင်ဘန်းကျေးရွာနှင့် မီတာ ၁,၀၀၀ ကျော်သာဝေးပြီး ဝမ်းတွင်းမြို့နှင့် ၆ မိုင်ခန့်ဝေးသည်။