အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၎င်း၏ အာဏာသိမ်း စစ်အစိုးရ လုပ်ဆောင်မှုများကို မှတ်တမ်းတင်ထားရမည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါ ပြောဆိုမှုအား ယမန်နေ့က နေပြည်တော်ရှိ အာဏာသိမ်းစစ်တပ်၏ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံး၌ ပြုလုပ်ခဲ့သည့် စစ်အစိုးရအဖွဲ့ စုံလင်စွာပါဝင်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။
“မိမိတို့လက်ရှိအစိုးရ၏ လုပ်ဆောင်ချက်မှတ်တမ်းများကို စနစ်တကျဖြင့် ပြုစုဆောင်ရွက်ထားရှိရန်လိုကြောင်း၊ ‘နှုတ်တစ်ရာ စာတစ်လုံး’ ဆိုသည့်အတိုင်း ပြည်ထောင်စုအဆင့်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်များအလိုက် အချက်အလက်များ မှန်မှန်ကန်ကန်ဖြင့် စနစ်တကျ မှတ်တမ်းတင်ပြုစုထားရှိရန်လိုကြောင်း၊ နောင်တက်လာမည့် အစိုးရများအနေဖြင့် အချက်အလက်များ မှန်မှန်ကန်ကန်ဖြင့် နိုင်ငံတော်တာဝန်များကို ချောချောမွေ့မွေ့ ထမ်းဆောင်နိုင်ရေး ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း” ဟု စစ်ခေါင်းဆောင်က ပြောသည်။
စစ်ခေါင်းဆောင်က ထိုသို့ မှတ်တမ်းတင်ရမည်ဟု ဆိုသော်လည်း ၎င်းတို့၏ မှတ်တမ်းတင်မှုမှာ အလိမ်အညာများသာ ဖြစ်လိမ့်မည်ဟု ရန်ကုန်အခြေစိုက် နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးက ဝေဖန်ထောက်ပြသည်။
“ဒီအာဏာသိမ်းစစ်တပ်က ဟိုးအရင် ဆန္ဒပြပွဲတွေကို အကြမ်းဖက်ဖြိုခွင်းတာတွေ၊ အဲ့ဒီနောက် အရပ်သားများကို ဦးတည်ဗုံးကြဲတာတွေ၊ ရွာတွေမီးရှို့တာတွေကိုတော့ မှတ်တမ်းတင်မှာမဟုတ်ဘူး။ သူတို့ မှတ်တမ်းတင်မယ်ဆိုတာ လူတွေ ဆူပူလို့ သူတို့ အနစ်နာခံ ထိန်းသိမ်းရပါတယ်ဆိုတာမျိုးတွေ၊ အလိမ်အညာတွေ၊ မိုးလုံးပြည့်မုသာဝါဒတွေပဲ မှတ်တမ်းတင်မှာပေါ့” ဟု ၎င်းက ပြောသည်။
စစ်ခေါင်းဆောင် ဦးဆောင်သည့် အာဏာသိမ်းစစ်တပ်သည် ၂၀၂၁ ခုနှစ်တွင် ရွေးကောက်ခံအစိုးရကို လက်နက်အားကိုး၍ ဖြုတ်ချကာ အာဏာသိမ်းခဲ့ခြင်း ဖြစ်သည်။
သို့သော် ယမန်နေ့က အစည်းအဝေး အပါအဝင် အလျင်းသင့်သလို ပြောကြားရာတိုင်းတွင် စစ်ခေါင်းဆောင်က ၂၀၂၀ ရွေးကောက်ပွဲတွင် မဲမသမာမှုများ ရှိခဲ့သဖြင့် အာဏာသိမ်းခဲ့ရခြင်းဖြစ်သည်ဟု ပြောလေ့ရှိသည်ကိုလည်း တွေ့ရသည်။
ယမန်နေ့ကလည်း စစ်ခေါင်းဆောင်က “မိမိတို့အစိုးရအဖွဲ့အနေဖြင့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုများကြောင့် နိုင်ငံတော်တာဝန်ယူခဲ့ခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့ကျင်းပပြုလုပ်သည့် ရွေးကောက်ပွဲသည် မဲမသမာမှုနှင့် မဲစာရင်းမှားယွင်းမှုမရှိဘဲ လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ၊ သိက္ခာရှိသည့် ရွေးကောက်ပွဲဖြစ်စေရေး ကျင်းပဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး အောင်မြင်သည့် ရွေးကောက်ပွဲတစ်ခုကို ကျင်းပပြုလုပ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း” ဟု ထပ်မံပြောဆိုခဲ့သည်။
အာဏာသိမ်းစစ်တပ်သည် ပြီးခဲ့သည့် ၅ နှစ်အတွင်း အရပ်သားပစ်မှတ်များကို ဦးတည်သည့် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများစွာကို ပြုလုပ်ခဲ့ပြီး၊ ၂၀၂၃ ခုနှစ်က ကချင်စစ်ဘေးရှောင်စခန်း မုန်လိုင်ခတ်ကို ဗုံးကြဲမှုနှင့် စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ရှိ ပဇီကြီးကျေးရွာ ဗုံးကြဲမှုများကြောင့် ကလေးငယ်များအပါအဝင် အရပ်သားအများအပြား သေဆုံးခဲ့ရသည့် ဖြစ်စဉ်များမှာ ထင်ရှားသည့် ဖြစ်စဉ်များ ဖြစ်သည်။
ထို့ပြင် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ဖေဖော်ဝါရီ ၉ ရက်အထိ စာရင်းပြုစုထားမှုများအရ အာဏာသိမ်းစစ်တပ်ကြောင့် သေဆုံးခဲ့ရသူ ၇,၇၆၁ ဦးနှင့် ဖမ်းဆီးခံရသူ ၃၀,၄၆၂ ဦး ရှိကြောင်း သိရသည်။
သို့သော် အာဏာသိမ်းစစ်တပ်သည် ၎င်းတို့၏ အကြမ်းဖက်မှုများအား လစ်လျူရှု ငြင်းဆန်ကာ ဝန်ခံခြင်း လုံးဝမရှိဘဲ ယခုအခါ စစ်ခေါင်းဆောင်က ၎င်းတို့ အာဏာသိမ်း စစ်အစိုးရ လုပ်ဆောင်မှုများကို မှတ်တမ်းတင်ထားမည်ဟု ပြောဆိုလာခြင်းလည်း ဖြစ်သည်။
