ရန်ကုန်မြို့၊ တောင်ဒဂုံမြို့နယ်၊ ဂိတ်ဟောင်းလမ်းဆုံမီးပွိုင့်အနီးတွင် ညနေခင်းအချိန် အကင်ဝယ် နေသော လူငယ် ၇ ဦးကို ကျောင်းကားဖြင့်ရောက်လာသည့် ရဲများက ဖမ်းဆီးသွားကြောင်း သိရသည်။
ဖေဖေါ်ဝါရီ၉ရက်၊ညနေ ၄နာရီခွဲခန့်တွင် တောင်ဒဂုံဂိတ်ဟောင်းလမ်းဆုံးရှိ လမ်းဘေးအကင်ဆိုင်၌ အကင်ဝယ်နေသည့် လူငယ် ၇ဦးကို မောင်းမကန်ကျောင်းတံဆိပ်ပါ အဝါရောင်ကျောင်းကား တစ် စီးဖြင့် ရောက်လာသည့် ရဲယူနီဖောင်းဝတ် ၄ဦးက ဖမ်းဆီးသွားခြင်းဖြစ် ကြောင်း ဒေသတွင်း နွေဦး တော်လှန်ရေးစာမျက်နှာ Hlaing Info က သတင်းထုတ်ပြန်သည်။
“အကင်ဆိုင်မှာရှိတဲ့ ယောကျာ်းလေးတွေကို ရွေးဖမ်းသွားတာ။တခြား လမ်းသွားလမ်းလာတွေကို ဘာမှ မလုပ်သွားဘူး”ဟု အခင်းဖြစ်နေရာတွင်ရှိနေသော ဒေသခံမျက်မြင်တစ်ဦးက ပြောသည်။
ယင်း၇ဦးအနက် ၅ဦးမှာ ကျောင်းသားအရွယ် လူပျိုပေါက်များဖြစ်ပြီး ကျန်၂ဦးမှာ အသက်၂၅နှစ်နှင့် ၃၀ အရွယ်တို့ဖြစ်ကြကာ ၎င်းတို့အား မည်သည့်အကြောင်းကြောင့် ဖမ်း၍ မည်သည့်နေရာသို့ ခေါ်ဆောင်သွားသလဲဆိုသည်ကို မသိရသေးကြောင်း Hlaing Info ကဆိုသည်။
“ကျနော်ကတော့ စစ်မှုထမ်းအတွက် ဖမ်းတာလို့ပဲ ထင်တယ်။ရဲတွေက ချက်ချင်းဆင်းဖမ်း၊ ချက် ချင်းဖမ်းတင်တာဗျ”ဟု ၎င်းကဆက်လက်ပြောသည်။
ရဲယူနီဖောင်းဝတ် ၄ဦးသည် လက်နက်ဖြင့် ချိန်ရွယ်ခြင်းမျိုး မရှိဘဲ ကားပေါ်မှ ရုတ်တရက်ဆင်း လာကာ ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း Hlaing Info က ထုတ်ပြန်ထားသည်။
“ဘယ်ပဲသွားသွား စိတ်မလုံခြုံဘူး။ ပေါ်တာဆွဲမှာကို အရမ်းလန့်တယ်။ အခု ကျနော် အဲလိုဖမ်း တာကို မြင်လိုက်ရတော့ ပိုတောင်လန့်တယ်။ အပြင်ထွက်ချင်စိတ်ကို မရှိတော့ဘူး”ဟု ဒေသခံ မျက်မြင်က ပြောသည်။
ဖေဖေါ်ဝါရီ၇ရက်၊ည၉နာရီခန့်ကလည်း လှိုင်မြို့နယ်၊၈ရပ်ကွက်၊သုခမြိုင်၄လမ်းရှိ အိမ်တစ်အိမ်ပေါ်သို့ စစ်အုပ်စုဝင်များတက်လာကာ အသက်၂၅နှစ်ဝန်းကျင်အရွယ်လူငယ်တစ်ဦးကို စစ်မှုထမ်းအတွက် ဖမ်းဆီးသွားကြောင်း Hlaing Info က ထုတ်ပြန်ထားသေးသည်။
