မြိုင် သာသနာ့နယ်မြေကို စစ်တပ် ဗုံးကြဲ၊ စေတီ ၂ ဆူနှင့် ဘုန်းကြီးကျောင်းဆောင်များ ပျက်

ဓာတ်ပုံ - မြိုင်ဒေါင်းမင်း မြေပြင်သတင်းမှန် ပြန်ကြားရေးအဖွဲ့
ပုံစာ - လေကြောင်းတိုက်ခိုက်ခံရပြီးနောက် ပျက်စီးသွားသည့် ညောင်အုပ်ရွာ သာသနာ့နယ်မြေ။

မကွေးတိုင်း ၊ မြိုင်မြို့နယ်တွင် စစ်တပ်ဗုံးကြဲသဖြင့် စေတီ ၂ ဆူနှင့် ဘုန်းကြီးကျောင်းဆောင်များ ပျက်စီးခဲ့‌ကြောင်း သိရသည်။

ဖေဖော်ဝါရီ ၉ ရက်၊ ည ၉ နာရီ ၅၆ မိနစ်နှင့် ၁၀ နာရီ ၁၅ မိနစ်တို့တွင် မြိုင်မြို့နယ် အရှေ့တောင် ခြမ်းရှိ ညောင်အုပ်ကျေးရွာသို့ ဂျက်ဖိုက်တာ ၂ စင်းဖြင့် ပေါင် ၂၅၀ ဗုံးသီး ၄ လုံးကြဲချခဲ့ရာ ညောင် အုပ်ကျေးရွာ အနောက်မြောက်ဘက် တောထဲသို့ ၂ လုံးနှင့် ရွာလယ်ခေါင်ရှိ ဘုန်းကြီးကျောင်းသို့ ၂ လုံး ကျရောက်ပေါက်ကွဲခဲ့ကြောင်း မြိုင်ဒေါင်းမင်း မြေပြင်သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်း ထုတ်ပြန်သည်။

“ဖိုက်တာ ၂ စင်းနဲ့ လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ်ပြောပါတော့၊ တစ်စင်း တစ်ကြိမ်နဲ့ ၂ ကြိမ်ဗျ။ ဘာသတင်းရလို့ ကြဲတယ်လို့‌တော့ မသိဘူးပေါ့နော်။ ဘုန်းကြီးကျောင်းမှာ ကိုရင်ကြီး ၄ ၊ ၅ ပါးတော့ ရှိတယ်။ ကျောင်းဆောင် အဆောင်ကြီးတစ်ဆောင်ရယ်။ စေတီပုထိုး ၂ ဆူပေါ့နော်။ ကျောင်းဆောင် ၃ ဆောင်လောက်တော့ ပျက်သွားတယ်ပေါ့နော်။ အနောက်ဘက်က သစ်သားဆောင်ကြီးကတော့ ကျောင်းဆောင် အကြီးကြီးဗျ။ ရှေ့ဘက်ကတော့ ဘုရားဝင်းပေါ့လေ၊ ပြိုကျတာ”ဟု မြိုင်ဒေါင်းမင်း မြေပြင်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက MPA သို့ပြောသည်။

ယင်းလေကြောင်းတိုက်ခိုက်မှုကြောင့် ကိုရင်ကြီး ၂ ပါးနှင့် ကပ္ပိယတစ်ဦးတို့ ဒဏ်ရာအနည်းငယ် ရခဲ့သေးကြောင်း သိရသည်။

“ဒီအတိုင်း ထိမိခိုက်မိရုံလေးပါ။ အတွင်းထဲနေလို့ ဖြစ်သွားတာမဟုတ်ဘူး။ ဘေးပတ်ဝန်းကျင်မှာ ပြေးရင်းလွှားရင်းနဲ့ အစထိမိတာပါ။ မပြင်းထန်ပါဘူး”ဟု ၎င်းကဆက်လက်ပြောသည်။

ထပ်မံလေကြောင်းတိုက်ခိုက်ခံရမည်ကို စိုးရိမ်သဖြင့် ညောင်အုပ်ကျေးရွာမှ ပြည်သူအချို့ တိမ်းရှောင် နေကြကြောင်း သိရသည်။