မွန်ပြည်နယ်၊ မော်လမြိုင်တက္ကသိုလ်ပတ်လမ်းဘေး နေအိမ် ဓါးပြတိုက်ခိုက်ခံရပြီး ရွှေထည်ပစ္စည်းများ အပါအဝင် ငွေကျပ်သိန်းတစ်ထောင်ကျော် တန်းဖိုးပါသွားကြောင်း မြို့ခံများထံမှ သိရသည်။
ယနေ့( စက်တင်ဘာလ ၁၁ ရက်)၊ နံနက် ၂ နာရီကျော်ခန့်တွင် ဈေးကြိုရပ်ကွက်၊ တက္ကသိုလ်ပတ်လမ်း၊ လမ်းသွယ် (၃)လမ်းရှိ ဦးကျော်သူ နေအိမ်သို့ ဓား၊ သေနတ်ကိုင်ဆောင်ထားသည့် လူငယ်သုံးဦးက မျက်နှာဖုံးစွပ်ပြီး ဓါးပြတိုက်ခဲ့ခြင်းဖြစ်သည်။
“လူငယ်ပိုင်းတွေပဲ၊ နှစ်ဆယ်ကျော်အရွယ်တွေပေါ့၊ သူတို့တွေ သေချာစီစဉ်ထားပုံရပါတယ်။ ပြောတာတော့ အေးဆေးပဲ သေနတ်ပြပြီး ပစ္စည်း တစ်ခုပြီး တစ်ခုယူသွားတာ” ဟု ဖြစ်စဉ်ကို သိရှိသည့် မြိုင်သာယာရပ်ကွက်နေ ပြည်သူတဦးက MPA ကို ပြောသည်။
ဓါးပြတိုက်ခံရမှုကြောင့် နေအိမ်အတွင်းရှိ ငွေကျပ်သိန်း ၄၀၀ ၊ မီးလင်းလက်ကောက် ၃ ကျပ်သား၊ မီးလင်းလက်စွပ် ၂ ကျပ်သား၊ မီးလင်းဆွဲကြိုး ၅ ကျပ်သားတို့အပြင် I phone 16 pro max ၊ 14 pro Deep ၊ Ipad Pro တလုံးစီကို ယူဆောင်သွားကြောင်း ၎င်းက ပြောသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး စစ်ကော်မရှင်လက်အောက်ခံပူးပေါင်းအဖွဲ့များက ရှာဖွေစစ်ဆေးမှုများ လုပ်ဆောင်နေသော်လည်း ပြစ်မှုကျူးလွန်သူများကို ဖမ်းဆီးရမိခြင်း မရှိသေးကြောင်း ဆိုသည်။
“ထုံးစမ်းအတိုင်းမနက်ကတော့ လမ်းပိတ်၊ တွေ့တဲ့သူ ရပ်ခိုင်း စစ်ဆေးတာတော့ ရှိတာပေါ့၊ ပြီးတော့လည်း အခု ပုံမှန်ပါပဲ၊ တာဝန်အရဖြစ်သလိုပဲ လုပ်နေကြတာ၊ ခံရတဲ့သူက စိတ်မချမ်းမသာဖြစ်နေရတာပေါ့” ဟု ဈေးကြိုမီးပွိုင့်အနီး နေထိုင်သည့် အမျိုးသားတစ်ဦးက ပြောသည်။
ယခု ဓါးပြတိုက်ခံရသည့်နေရာသည် လူသွားလူလာနည်းပြီး ယင်းအနီးတဝိုက်တွင် ရွှေ့ပြောင်းလုပ်သားများနှင့် အိမ်ယာမဲ့များ သွားလာမှုရှိသည်။
“မော်လမြိုင်က ပြောမနေနဲ့တော့ နည်းနည်းမှောင်လာပြီး လူပျက်တဲ့ လမ်းတွေ မသွားရဲတော့ဘူး၊ မောင်းလာတဲ့ ဆိုင်ကယ်ဆွဲချပြီး လုတာလေ၊ အတင့်ရဲလာတယ်၊ အရေးယူမှုမရှိနေတော့ ပိုဆိုးတာပေါ့” ဟု ခိုးဆိုးလုယက်မှုများလာသည့် မော်လမြိုင်မြို့အခြေအနေကို မောင်ငံရပ်ကွက်တွင် နေထိုင်သည့် အမျိုးသမီးတစ်ဦးက ပြောသည်။
မွန်ပြည်နယ်မြို့တော် မော်လမြိုင်မြို့ပေါ်တွင် ရွှေဆိုင်ဓါးပြတိုက်ခံရခြင်း၊ လမ်းသွားလမ်းလာလုယက်ခံရခြင်း၊ နေအိမ်ဖောက်ထွင်းခံရခြင်းများ မကြာမကြာဖြစ်ပွားလေ့ရှိပြီး အချို့ဖြစ်စဉ်များတွင် လူသေဆုံးများ ရှိနေကြောင်း မြို့ခံတဦးက ပြောသည်။
ဖြစ်ပွားခဲ့သည့်ဖြစ်စဉ်အားလုံးနီးပါး စစ်အုပ်စုက အရေးယူဖော်ထုတ်နိုင်ခြင်းမရှိသည့်အတွက် လူထု၏ဝေဖန်ရှုတ်ချမှုကို ခံနေရသည်။
