စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ နန်းစောင်းပုရွာသစ်သို့ ထိုးစစ်ဆင်လာသည့် စစ်ကော်မရှင်တပ်ဖွဲ့ကို တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ စစ်ကော်မရှင် လက်အောက်ခံ စစ်သား နှင့် ၎င်းတို့နှင့် ပူးပေါင်းထားသည့် ကသည်းသူပုန် အပါအဝင် သုံ့ပန်း ခုနှစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း အမှတ်-၁ စစ်ဒေသက ယနေ့(စက်တင်ဘာ ၁၁ရက်) တွင် ထုတ်ပြန်ထားသည်။
ယခုကဲ့သို့ နန်းစောင်းပုရွာသစ်တို့ ထိုးစစ်ဆင်လာသည့် စစ်သားနှင့် ကသည်းသူပုန်များကို တိုက်ခိုက်ခဲ့ရာ သုံ့ပန်းခုနှစ်ဦး ဖမ်းဆီးရမိခဲ့သည့်အပြင် စစ်ကော်မရှင်ဘက်က လေးဦးသေဆုံးပြီး သေနတ် ငါးလက်ကိုလည်း သိမ်းဆည်းရမိခဲ့သည်။


စစ်ကော်မရှင်က နန်းစောင်ပုရွာသစ်ကို တတက-၁၀မှ ဗိုလ်မှူး ရဲမျိုးမင်းနှင့် ဗိုလ်ကြီး ပြည့်ဖြိုးအောင်၊ ဗိုလ်ကြီး နိုင်ဝင်းစိုးတို့ ဦးစီးသည့် ခမရ(၃၆၁၊ ၃၆၂၊ ၃၆၃) ၊ ဆသရ-၆၊ ခလရ(၈၇၊၂၂၉) တို့အပြင် SNA ကသည်း(ULFA) နှင့် နာဂ(NSCN) ပူးပေါင်းအင်အား ၁၃၀ ခန့်ဖြင့် ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ စစ်ကော်မရှင်၏ ပူးပေါင်းစစ်ကြောင်းကို ကလေးခရိုင် ကွပ်ကဲရေးမှူး ဦးစီးပြီး ကလေးခရိုင် အမှတ် ၁၊ ၃၊ ၄တပ်ရင်း၊ အထူးလှုပ်ရှား ၅၊၆ တပ်ရင်း၊ ကလေးမြို့နယ် ပကဖ၊ ကလေး၀မြို့နယ် ပကဖ၊ မင်းကင်းမြို့နယ် ပကဖ၊ ကကလေးခရိုင် အထူးစစ်ကြောင်း၊ ကလေးမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ နှင့် Zoland PDF တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
တိုက်ပွဲအတွင်း စစ်ကော်မရှင်ထံမှ လက်နက်ငါးလက်အပြင် 7.62ကျည် ၂၇၇တောင့်၊ 5.56ကျည် ၈၉တောင့်၊ အာပီဂျီ ဗုံးသီး တစ်လုံး၊ ပို့ယမ်း ၃ခု၊ နင်းမိုင်း ၁၂ခုအပြင် မူးယစ်ဆေးဝါး အမျိုးအစား သုံးမျိုးကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ချက်အရသိရသည်။
စစ်ကော်မရှင်၏ ပူးပေါင်းစစ်ကြောင်းသည် ဩဂုတ် ခြောက်ရက်မှ စတင်ကာ ထိုးစစ်ဆင် လာခြင်းဖြစ်ပြီး ဩဂုတ် ၁၅ရက်တွင်လည်း ရန်သူထံမှ သုံ့ပန်းတစ်ဦး၊ အလောင်းသုံးလောင်းအပြင် လက်နက်မျိုးစုံ ၁၀လက်သိမ်းဆည်းရမိခဲ့သေးသည်။
စစ်ကိုင်းတိုင်းအထက်ပိုင်း၌ စစ်ကော်မရှင်သည် အိန္ဒိယနိုင်ငံသား ကသည်းနှင့် နာဂသူပုန်များကို ဩဂုတ်လမှ စတင်အသုံးပြုခဲ့ခြင်းဖြစ်ပြီး ချင်းတွင်းမြစ်ကြောင်းအတိုင်း ခန္တီးခရိုင်အတွင်းမှ စုန်ဆင်းလာသော သင်္ဘောများဖြင့် လိုက်ပါလာခဲ့ခြင်းလည်းဖြစ်သည်။
