ဆေးကြောင်နေသော PDFများ ကိုယ့်တဲကိုယ် မီးပြန်ရှို့ဟု စစ်လော်ဘီများ သတင်းအမှားဖြန့်

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) များ မူးယစ်ဆေးဝါးသုံးစွဲ၍ ဆေးကြောင်ပြီးနောက် ၎င်းတို့နေထိုင်ရာ တဲကို မီးပြန်ရှို့ဟူ၍ စစ်တပ်လော်ဘီတယ်လီဂရမ်ချန်နယ်များက သတင်းအမှား ဖြန့်ဝေထားသည်။

စစ်လော်ဘီ “မှိုင်းဝေ” တယ်လီဂရမ်ချန်နယ်က စက်တင်ဘာ ၁၀ရက် နံနက်ပိုင်းတွင် “အကြမ်းဖက် PDF များ မူး ယစ်ဆေးသုံးစွဲရာမှ ဆေးကြောင်ကြောင်ပြီး ကိုယ့်တဲကို မီးပြန်ရှို့”ဟု (မူရင်းရေးသားချက်အတိုင်း) အဆောက် အဦးတစ်ခု မီးလောင်ပြီးနောက် ရိုက်ကူးထားသော ဓာတ်ပုံများနှင့်အတူ ဖြန့်ဝေထားသည်။

သတင်းအမှားလင့်ခ် – https://archive.ph/NVJKt

ထိုသို့ ဖြန့်ဝေထားမှုကို အခြားသော စစ်လော်ဘီချန်နယ်များစွာက ကူးယူဖြန့်ဝေထားရာ ပျံ့နှံ့မှုများပြားနေသည်။

သတင်းအမှားလင့်ခ်များ

စွမ်းအားရှင် – https://archive.ph/bqdcf
ကာနယ်ချစ်ကောင်း – https://archive.ph/WduTP

စစ်လော်ဘီများ ဖြန့်ဝေထားသော အကြောင်းအရာကို Myanmar Fact-Checking Network ၏ အဖွဲ့ဝင် မီဒီယာဖြစ်သော MPA ကအချက်အလက်စစ်ဆေးရာ သတင်းအမှားဖြစ်ကြောင်း သိရှိရသည်။

သက်သေပြစိစစ်ချက်

ဖြန့်ဝေထားသော ဓာတ်ပုံများကို Google Lens ဖြင့် ရှာဖွေရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ “Rocket Fighter” ဖေ့ဘွတ်ခ်ပေ့ချ်က တင်ထားသော ဓာတ်ပုံများနှင့် ထပ်တူညီနေသည်။

၂၀၂၅ စက်တင်ဘာ ၉ရက်တွင် Rocket Fighter တပ်ဖွဲ့၏ ခဲယမ်းသိုလှောင်ခန်းတစ်ခုရှိ ဗုံးသီးများ ပေါက်ကွဲမှု ကြောင့် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း၊ သိန်း ၅၀၀ ကျပ် တန်ဖိုးရှိ ခဲယမ်းပစ္စည်းများ ဆုံးရှုံးခဲ့ကြောင်း ထုတ်ပြန် ထားသည်။ ထုတ်ပြန်ထားသော လင့်ခ် – https://bitly.cx/SYu7

ထပ်မံအတည်ပြုနိုင်ရန် Google တွင် “ PDF လက်နက်ခဲယမ်းသိုလှောင်စခန်း မီးလောင်ပေါက်ကွဲ”ဟု ရေး သားရှာဖွေရာ DVB နှင့် မြေလတ်အသံ သတင်းဌာနတို့က သတင်းရေးထားသည်။

အဆိုပါ မီဒီယာများတွင် မကွေးတိုင်း၊ ပေါက်မြို့နယ်တွင် အခြေပြုထားသော Rocket Fighter ပြည်သူ့ ကာ ကွယ်ရေးတပ်ဖွဲ့၏ ခဲယမ်းသိုလှောင်စခန်းတခု၌ စက်တင်ဘာ ၉ ရက် နေ့လယ် ၁၂ နာရီဝန်းကျင်က အပူချိန်မြင့် တက်မှုကြောင့် ဗုံးသီးများအတွဲလိုက် မီးလောင်ပေါက်ကွဲခဲ့ကြောင်း၊ ပေါက်ကွဲချိန် နာရီဝက်ခန့်ရှိ ပြီး မီးလောင် မှုကြောင့် ကျည်ကာဦးထုပ် ၄ လုံး၊ ကျောပိုးအိတ် ၄ လုံး၊ ဗုံးသီး ၁၀ လုံး၊ ကျည်ဘောက် ၃ ခု၊ အီကွေ့မန့် ၄ ခု၊ အိုင်ကွန် စကားပြောစက် ၂ လုံး၊ ကလလ သေနက် ၁ လက်၊ MA 3 ၁ လက်နှင့် ဆက်စပ်ပ စ္စည်းများ ပျက်စီးပြီး ကာလတန်ဖိုး ကျပ်သိန်း ၅၀၀ ကျော်ဖိုးဆုံးရှုံးခဲ့ကြောင်း သတင်းဌာနများသို့ အင်တာဗျူး ဖြေဆိုထားသည်။

သတင်းလင့်ခ်များ
DVB – https://bitly.cx/xh1p
မြေလတ်အသံ – https://bitly.cx/m2yC2

သုံးသပ်ချက်

သတင်းမီဒီယာ လုပ်ငန်းစဉ်အတိုင်း အတည်ပြုရေးသားဖော်ပြနေသော သတင်းဌာနများတွင် Rocket Fighter ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ခဲယမ်းသိုလှောင်စခန်းတစ်ခု အပူချိန်မြှင့်မားမှုကြောင့် မီးလောင် ပေါက်ကွဲခဲ့ ကြောင်း ရေးသားဖော်ပြထားသည်။

ထို့ကြောင့် စစ်လော်ဘီတယ်လီဂရမ်ချန်နယ်များက “ဆေးကြောင်နေ‌သော PDF များ ကိုယ့်တဲကိုယ် မီးပြန် ရှို့”ဟု ဖြန့်ဝေထားသော အကြောင်းအရာသည် အပုတ်ချတိုက်ခိုက်ထားသော သတင်းအမှားသာဖြစ်သည်။

ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြနေသော သတင်းမီဒီယာများ၌ ရှာဖွေဖတ်ရှုသင့်သည်။