ရန်ကုန်မြို့၊ မြောက်ဥက္ကလာမြို့နယ် ထွေအုပ်ရုံးကို လက်ပစ်ဗုံးဖြင့် ပစ်ခတ်ခဲ့ရာ စစ်သား ၂ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
စက်တင်ဘာ ၁၀ရက်၊ ည ၁၀နာရီ ၁၀မိနစ်ခန့်တွင် စစ်သားနှင့်ရဲ ၁၅ဦးဝန်းကျင်ရှိသည့် မြောက်ဥက္ကလာမြို့နယ် ထွေအုပ်ရုံးကို လက်လုပ် လက်ပစ်ဗုံးနှစ်လုံးဖြင့် တိုက်ခိုက်ခဲ့ကြောင်း မြို့ပြကြွက်အဖွဲ့က သတင်းထုတ်ပြန်သည်။
” အပြင်ကဂိတ်နဲ့အတွင်းထဲရောပါ။ အပြင်မှာစောင့်နေတဲ့စခ၂ယောက်ထိ၊ အထဲကတော့မသိရသေးပါဘူး။ တိုက်ခိုက်ချိန်မှာ အတွင်း၊အပြင်ကို ၁ဝယောက်ကျော်ရှိပါတယ်” ဟု မြို့ပြကြွက်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက MPA သို့ပြောသည်။
ဒဏ်ရာရမှုကို ယနေ့ (စက်တင်ဘာ ၁၀ရက်) နံနက်ပိုင်း၌ မြေပြင်သတင်းအရ အတည်ပြုနိုင်ခဲ့ ကြောင်း ၎င်းကပြောသည်။
“ညက မြောက်ဥက္ကလာအဝိုင်းဘက်မှာ ဧည့်စာရင်းစစ်တာတော့ ကြားတယ်။ထွေအုပ်ရုံးမှာ စခ တွေ ထိ၊မထိတော့ မသိဘူး”ဟု မြောက်ဥက္ကလာ၊ဘုန်းကြီးလမ်းအနီးနေ ပြည်သူတစ်ဦးက ပြောသည်။
တိုက်ခိုက်ခံရပြီးနောက် စစ်ကော်မရှင်က ကြောက်လန့်ကာ မီးဖြတ်ခြင်းနှင့် ရမ်းသန်းပစ်ခတ်ခြင်းများ ပြုလုပ်ခဲ့ပြီး ယနေ့ နံနက်ပိုင်းက ရုံးရှေ့ကို ပိတ်ဆို့ထားကြောင်း သိရသည်။
” ထွေအုပ်ရုံးဝန်းကျင်ကိုဖြတ်လိုက်တာပါ။ ဘေးမှာက မီတာရုံးရှိတယ်” ဟုမြို့ပြကြွက်အဖွဲ့ တာဝန်ရှိသူက ပြောသည်။
ယင်းတိုက်ခိုက်မှုကို မြို့ပြကြွက်အဖွဲ့နှင့် မြောက်ဥက္ကလာပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်ပြီး ရဲဘော်များအထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။
စစ်သားများ ဒဏ်ရာရမှုကို MPA အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။
