မြန်မာပြည်သူများအကြား ဂျပန်အပေါ် မုန်းတီးမှုဖြစ်စေရန် တရုတ်သံရုံးက သမိုင်းဗီဒီယိုအဟောင်းများကို လက်နက်သဖွယ် အသုံးချ၍ ဝါဒဖြန့်လာ

ဓာတ်ပုံ - မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးသည် ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်စစ်တပ်က ကျူးလွန်ခဲ့သည့် “Comfort Women” (ဖြေသိမ့်သူ အမျိုးသမီးများ) ဆိုင်ရာ ဗီဒီယိုမှတ်တမ်းကို မြန်မာဘာသာဖြင့် ပြန်ဆိုကာ ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာတွင် ဖေဖော်ဝါရီ ၁၀ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

ယခုကဲ့သို့ လုပ်ဆောင်ခြင်းသည် မြန်မာပြည်သူများအကြား ဂျပန်နိုင်ငံအပေါ် မုန်းတီးမှုနှင့် အမြင်မကြည်လင်မှုများ ဖြစ်ပေါ်လာစေရန် တမင်ရည်ရွယ်သည့် သံတမန်ရေးရာ ဝါဒဖြန့်ချိမှုတစ်ခုဖြစ်ကြောင်း ဝေဖန်မှုများ ထွက်ပေါ်နေသည်။

အဆိုပါ ဗီဒီယိုတွင် ဂျပန်စစ်တပ်၏ အတိတ်က ရက်စက်ကြမ်းကြုတ်မှုများကို မြန်မာစာတန်းထိုးဖြင့် အသေးစိတ်ဖော်ပြထားပြီး၊ သမိုင်းဟောင်းကို အသုံးချကာ လက်ရှိဂျပန်နိုင်ငံ၏ ပုံရိပ်ကို ထိုးနှက်ရန် ကြိုးပမ်းခြင်းဖြစ်သည်။ ဤလုပ်ရပ်သည် မြန်မာနိုင်ငံ၏ လက်ရှိပဋိပက္ခများနှင့် တိုက်ရိုက်သက်ဆိုင်ခြင်းမရှိဘဲ တရုတ်-ဂျပန် အာဃာတများကို မြန်မာ့မြေပေါ်သို့ ဆွဲသွင်းလာခြင်း ဖြစ်ကြောင်း နိုင်ငံရေးလေ့လာသူတစ်ဦးက သုံးသပ်သည်။

“ဒါဟာ တရုတ်နိုင်ငံက သူတို့ရဲ့ Soft Power ကို သုံးပြီး ဂျပန်ရဲ့ လက်ရှိသံတမန်ရေးရာ ဩဇာလွှမ်းမိုးမှုကို တန်ပြန်တိုက်ခိုက်လိုက်တာလို့ ရှုမြင်ပါတယ်။ လက်ရှိမှာ ဂျပန်နိုင်ငံက မြန်မာ့အရေးနဲ့ ပတ်သက်ပြီး စစ်ကော်မရှင်အပေါ် ဖိအားပေးတာတွေ ခပ်စိပ်စိပ် လုပ်လာတဲ့အတွက် တရုတ်ဘက်ကလည်း ဂျပန်ရဲ့ အတိတ်က အမည်းစက်တွေကို ပြန်ဖော်ပြီး မြန်မာပြည်သူတွေကြားမှာ ဂျပန်ရဲ့ ဂုဏ်သိက္ခာကျဆင်းသွားအောင် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်လာတာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

စစ်ကော်မရှင်ဘက်ကလည်း ယမန်နှစ် နိုဝင်ဘာလအတွင်းက ဗိုလ်ချုပ်ဇော်မင်းထွန်းမှတစ်ဆင့် တရုတ်၏ ပေါ်လစီနှင့် မူဝါဒများကို အပြည့်အဝထောက်ခံကြောင်း ပြောဆိုမှုရှိခဲ့ကာ၊ ၎င်း၏ ထောက်ခံမှုသည် တရုတ်သံရုံး၏ ယခုကဲ့သို့သော ဝါဒဖြန့်မှုများအတွက် လမ်းခင်းပေးထားသကဲ့သို့ ဖြစ်နေပြီး စစ်ကောင်စီနှင့် တရုတ်အကြား သံတမန်ရေးရာ နားလည်မှုယူထားကြောင်း ပေါ်လွင်နေသည်ဟု တက်ကြွလှုပ်ရှားသူတစ်ဦးက ထောက်ပြသည်။

“တရုတ်က သူတို့ပြိုင်ဘက်ကို နှိပ်ကွပ်ဖို့အတွက် ကျွန်တော်တို့ မြန်မာလူထုရဲ့ အတိတ်က သမိုင်းနာကျင်မှုတွေကို လက်နက်တစ်ခုလို အသုံးချနေတာပါ။ ဒါဟာ ရိုးသားတဲ့ ထုတ်ပြန်ချက် မဟုတ်သလို၊ မြန်မာပြည်သူတွေကို တကယ်စာနာလို့ လုပ်တာလည်း မဟုတ်ဘူး” ဟု ၎င်းက ပြောသည်။

“အခုဖြစ်နေတဲ့ နိုင်ငံရေး အခြေအနေမှာ ဂျပန်ကူညီတာတွေ အများကြီးရှိတယ်၊ အတိတ်ကကိစ္စကို အခုမှ ဘာမဆိုင်ညာမဆိုင် လာတင်တာကတော့ တရုတ်က ဂျပန်ကို မုန်းစေချင်လို့ပဲ” ဟု ရန်ကုန်မြို့နေ အသက် ၄၀ အရွယ် အမျိုးသား တစ်ဦးက ပြောသည်။

သမိုင်းဘာသာရပ်လေ့လာနေသည့် ကျောင်းသူတစ်ဦးကမှု သမိုင်းဖြစ်ရပ်မှန်ကို ဖော်ထုတ်ခြင်းသည် ကောင်းမွန်သော်လည်း၊ နိုင်ငံရေးအရ အမြတ်ထုတ်ရန် အချိန်ကိုက် လုပ်ဆောင်ခြင်းကို သတိပြုသင့်ကြောင်း၊ ဂျပန်နိုင်ငံ၏ အတိတ်က ရာဇဝတ်မှုများသည် လူသားထုတစ်ရပ်လုံးနှင့် ဆိုင်သော်လည်း၊ ယခုကဲ့သို့ ဝါဒဖြန့်မှုမှာမူ နိုင်ငံရေးအရ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခြင်းသာဖြစ်သည်ဟု ဆိုသည်။

“ဒီဖြစ်ရပ်ကို ကြည့်ရင် မြန်မာနိုင်ငံဟာ အင်အားကြီးနိုင်ငံတွေရဲ့ စိတ်ဓာတ်စစ်ဆင်ရေး ကစားကွင်းတစ်ခု ဖြစ်နေပြီဆိုတာ သိသာပါတယ်။ အာရှဒေသတွင်းမှာ ဩဇာလွှမ်းမိုးဖို့အတွက် တရုတ်နဲ့ ဂျပန်တို့ အားပြိုင်နေကြတာမှာ မြန်မာက ကြားညှပ်နေတာပါ။ ဒီကြားထဲ စစ်ကောင်စီကလည်း သူတို့ကိုယ်ကျိုးအတွက် တရုတ်ဘက်ကနေ ဗြောင်ကျကျ ရပ်တည်ပေးနေတယ်လေ”ဟု ၎င်းက ပြောသည်။

တက်ကြွလှုပ်ရှားသူများကမူ ပြည်သူများအနေဖြင့် ဝါဒဖြန့်မှုများနောက်သို့ မပါသွားဘဲ လက်ရှိမြေပြင်တွင် ဖြစ်ပေါ်နေသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများကိုသာ အဓိက အာရုံစိုက်သင့်ကြောင်း၊ အတိတ်က ဂျပန်စစ်တပ်၏ ကျူးလွန်မှုများနည်းတူ လက်ရှိစစ်ကော်မရှင်၏ ကျူးလွန်မှုများကိုလည်း တရုတ်အနေဖြင့် လျစ်လျူမရှုသင့်ကြောင်း ၎င်းတို့က ဆိုသည်။

တရုတ်သံရုံး၏ မြန်မာဘာသာဖြင့် ဗီဒီယိုထုတ်ပြန်မှုသည် မြန်မာပြည်သူများအပေါ် စာနာမှုထက် ဂျပန်ကို သံတမန်ရေးရာအရ အကျပ်ရိုက်စေရန် ရည်ရွယ်ခြင်းသာ ဖြစ်ကြောင်း ထောက်ပြမှုများလည်းရှိသည်။

မြန်မာနိုင်ငံဆိုင်ရာ ဝါဒဖြန့်ချိမှုများက မြန်မာ့အရေးကို ကူညီဖြေရှင်းပေးနိုင်ခြင်း မရှိသည့်အပြင်၊ ဒေသတွင်း နိုင်ငံများအကြား မုန်းတီးမှုများကိုသာ ပိုမိုကြီးထွားစေနိုင်ကြောင်း နိုင်ငံရေးလေ့လာသူများက ထောက်ပြသည်။