မှော်ဘီတွင် ပေါ်တာဆွဲရန် အိမ်စီးကားများဖြင့် ထွက်လာသည့် ရဲနှင့်ပျူများ ပြောက်ကျားတိုက်ခိုက်ခံရ

ဓာတ်ပုံ - မြို့ပြကြွက်
ပုံစာ - မှော်ဘီမြို့နယ်ရှိ မြို့မရဲစခန်း

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်တွင် ပေါ်တာဆွဲရန် အိမ်စီးကားဖြင့် ထွက်ခွာလာသည့် ရဲနှင့် ပျူစောထီးအဖွဲ့ကို ဖေဖော်ဝါရီ ၁၀ ရက်၊ ည ၁၀ နာရီဝန်းကျင်တွင် မြို့ပြပြောက်ကျားအဖွဲ့ဖြစ်သော မြို့ပြကြွက်အဖွဲ့က လက်ပစ်ဗုံးနှင့် မိုင်းများအသုံးပြု၍ တိုက်ခိုက်ခဲ့ကြောင်း ယနေ့တွင် ထုတ်ပြန်ထားသည်။

အဆိုပါတိုက်ခိုက်မှုကို မှော်ဘီမြို့မရဲစခန်းအနီးမှာပင် လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး နာနတ်သီးလက်ပစ်ဗုံး ၂ လုံးနှင့် လက်လုပ်မိုင်း ၂ လုံးတို့ဖြင့် အချိန်ကိုက်ပစ်ခတ်ခဲ့ရာ ရဲနှင့် ပျူစောထီးများ စီးနင်းလာသည့် အိမ်စီးကားကို တိုက်ရိုက်ထိမှန်ခဲ့သည်။

“ကားအတွင်းမီးပိတ်ထားတော့ အင်အားသေချာမသိရပါဘူးဗျ။ ၇ ‌ဦးလောက်ပါမယ်လို့တော့ ခန့်မှန်းပါတယ်။ ကားကိုတော့ တိတိကျကျထိသွားတယ်လို့ပဲ ပြောနိုင်ပါသေးတယ်ဗျ။ တိုက်ခိုက်ပြီးတော့ ရဲစခန်းထဲကကောင်တွေ ထွက်လာတာမျိုးတော့ မရှိပါဘူး”ဟု မြို့ပြကြွက်မှ တာဝန်ရှိသူတစ်ဦးက MPA သို့ပြောသည်။

အဆိုပါ ရဲနှင့် ပျူစောထီးများသည် ညစဉ်အချိန်မှန် ပေါ်တာဆွဲရန် ထွက်လေ့ရှိသူများဖြစ်ပြီး တိုက်ခိုက်မှုဖြစ်ပွားပြီးနောက်တွင် ရဲစခန်းအတွင်းမှ အင်အားဖြည့်တင်းရန် ထွက်လာခြင်းမျိုး မရှိခဲ့ကြောင်း မြေပြင်သတင်းများအရ သိရသည်။

ယခုတိုက်ခိုက်မှုသည် စစ်ကော်မရှင်၏ လူအင်အားစုဆောင်းရေး (ပေါ်တာဆွဲခြင်း) ယန္တရားကို အဓိကပစ်မှတ်ထားလာခြင်း ဖြစ်သည်။ အိမ်စီးကားများကို အသုံးပြု၍ လူမသိအောင် လှုပ်ရှားနေသည့် ရဲနှင့် ပျူစောထီးများ၏ သတင်းအချက်အလက်ကို မြို့ပြပြောက်ကျားအဖွဲ့များက တိကျစွာ ရရှိထားကြောင်း ပြသနေပြီး၊ စခန်းအနီးမှာပင် တိုက်ခိုက်နိုင်ခြင်းက ၎င်းတို့၏ သတင်းကွန်ရက် အားကောင်းမှုကို ထင်ဟပ်စေကြောင်း ပြည်သူများကဆိုသည်။

တစ်ဖက်တွင်လည်း ပေါ်တာဆွဲသည့်အဖွဲ့များကို တိုက်ခိုက်ခြင်းသည် ဒေသခံပြည်သူများအကြား ဖြစ်ပေါ်နေသည့် ဖမ်းဆီးခံရမည့် စိုးရိမ်စိတ်ကို အထိုက်အလျောက် လျော့ပါးစေနိုင်သော်လည်း၊ တိုက်ခိုက်မှုဖြစ်ပွားရာ နေရာသည် ရဲစခန်းနှင့် နီးကပ်နေသည့်အတွက် နောက်ဆက်တွဲ စစ်ဆေးမှုများ ပိုမိုတင်းမာလာနိုင်သည့် အလားအလာရှိကြောင်း မှော်ဘီဒေသခံများက ပြောသည်။