လိင်ဝန်ဆောင်မှု ဝယ်ယူသူများကို အပြစ်ပေးနိုင်ရန် ဂျပန်အစိုးရ စဉ်းစားနေ

ဓာတ်ပုံ - Bloomberg
ပုံစာ - ၂၀၂၁ ခုနှစ် ဇူလိုင်လအတွင်း တိုကျိုမြို့၊ ကာဘူကီချိုခရိုင်အတွင်း မြင်ကွင်း။

ဂျပန်နိုင်ငံသည် ပြည့်တန်ဆာမှုတိုက်ဖျက်ရေးဥပဒေအား ပြင်ဆင်ရန် စီစဉ်နေပြီး ငွေကြေးဖြင့် လိင်ဖျော်ဖြေမှု ဝယ်ယူသူများကိုပါ ဥပဒေဖောက်ဖျက်သူများအဖြစ် သတ်မှတ်နိုင်ရန် စဉ်းစားလျက်ရှိသည်။

ယခုအစီအစဉ်သည် လိင်ဆက်ဆံသည့် ဝန်ဆောင်မှုပေးသူများကိုသာ ဥပဒေချိုးဖောက်သူအဖြစ် သတ်မှတ်ထားသည့် ဝေဖန်မှုများစွာရှိနေသော ဥပဒေဟာကွက်ကို ပိတ်ပင်ရန် ကြိုးပမ်းခြင်းဖြစ်သည်။

ဖေဖော်ဝါရီ ၁၀ ရက်က ပြုလုပ်သော ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် တရားရေးဝန်ကြီး ဟီရောရှီ ဟီရာဂူချီက ယခု မတ်လတွင် ကုန်ဆုံးမည့် ဘဏ္ဍာနှစ်အတွင်း အဆိုါပ ဥပဒေပြင်ဆင်ချက်များကို ဆွေးနွေးရန် ကျွမ်းကျင်သူများအဖွဲ့တစ်ဖွဲ့ကို ဝန်ကြီးဌာနက ဖွဲ့စည်းမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

“မကြာသေးမီနှစ်တွေအတွင်း လမ်းပေါ်မှာ လိင်ဖျော်ဖြေမှုအတွက် စည်းရုံးလှုံ့ဆော်တဲ့ လုပ်ရပ်တွေဟာ လူမှုရေးပြဿနာတစ်ခု ဖြစ်လာခဲ့ပြီး သင့်တော်တဲ့ အရေးယူဆောင်ရွက်မှုတွေ ပြုလုပ်ဖို့ တောင်းဆိုချက်တွေ မြင့်တက်လာပါတယ်” ဟု ဟီရာဂူချီက ဆိုသည်။

“ဒီအဖွဲ့အနေနဲ့ သူတို့ရဲ့ ကျွမ်းကျင်မှုတွေကို အသုံးချပြီး လတ်တလော လူမှုရေးပြဿနာတွေကြားမှာ ပြည့်တန်ဆာမှုကို ဘယ်လိုထိန်းချုပ်ကန့်သတ်သင့်သလဲဆိုတာကို ဆွေးနွေးငြင်းခုံသွားလိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်”

စဉ်းစားနေသော ပြင်ဆင်ချက်များတွင် လိင်ဝယ်ယူသူများကို ပြည့်တန်ဆာမှုတိုက်ဖျက်ရေးဥပဒေ ချိုးဖောက်သူများအဖြစ် သတ်မှတ်ခြင်း ရှိ၊ မရှိ မေးမြန်းရာတွင်မူ ဟီရာဂူချီက အသေးစိတ် ဖြေကြားရန် ငြင်းဆိုခဲ့သည်။

အောက်လွှတ်တော်အမတ် ရင်တာရို အိုဂါတာက ပိုမိုပြင်းထန်သော အစီအမံများကို ကျင့်သုံးရန် တိုက်တွန်းပြီးနောက် နိုဝင်ဘာလအတွင်း ပြုလုပ်သည့် လွှတ်တော်အစည်းအဝေးတွင် ဝန်ကြီးချုပ် ဆာနာအေး တာကာအီချီက လိင်ဝယ်ယူသူများကို အပြစ်ပေးနိုင်ရေးအတွက် လုပ်ဆောင်နိုင်သည့် အချက်များကို စဉ်းစားရန် တရားရေးဝန်ကြီးအား ညွှန်ကြားခဲ့ပြီးနောက် ယခုခြေလှမ်း ထွက်ပေါ်လာခြင်းဖြစ်သည်။

လက်ရှိဥပဒေကို ဝေဖန်သူများကမူ အများအားဖြင့် မိမိဆန္ဒမပါဘဲ လိင်ရောင်းချသူများကိုသာ ဖမ်းဆီးခြင်း သို့မဟုတ် ဒဏ်ငွေရိုက်ခြင်းတို့ ပြုလုပ်နေခြင်းကြောင့် ယခုဥပဒေသည် ပုံပျက်ပန်းပျက် ဖြစ်နေသည်ဟု ငြင်းခုံကြသည်။

၁၉၅၆ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သော အဆိုပါဥပဒေသည် လူကြီးအချင်းချင်း ပြည့်တန်ဆာပြုလုပ်မှုကို ထိန်းချုပ်ထားသည်။ ဥပဒေအရ ပြည့်တန်ဆာပြုလုပ်ခြင်းသည် တရားမဝင်ဟု သတ်မှတ်ထားသော်လည်း လူသိရှင်ကြား စည်းရုံးလှုံ့ဆော်မှု (Soliciting) ကိုသာ အပြစ်ပေးအရေးယူနိုင်သည်။

အသက် ၁၈ နှစ်အောက် ကလေးသူငယ်များနှင့် ပတ်သက်သော အမှုများကိုမူ ကလေးသူငယ် ပြည့်တန်ဆာမှုနှင့် ကလေးသူငယ် ညစ်ညမ်းရုပ်ပုံစာပေ တားမြစ်ရေးဥပဒေနှင့် ကလေးသူငယ် သာယာဝပြောရေး အက်ဥပဒေကဲ့သို့သော အခြားဥပဒေများဖြင့် တရားစွဲဆိုသည်။

စက်တင်ဘာလအတွင်းက အသက် ၁၂ နှစ်အရွယ် ထိုင်းမိန်းကလေးငယ်တစ်ဦးသည် တိုကျိုမြို့ရှိ အနှိပ်ခန်းတစ်ခုတွင် လိင်ဖျော်ဖြေမှုပေးရန် အတင်းအကျပ် ခိုင်းစေခြင်းခံရပြီးနောက် လူဝင်မှုကြီးကြပ်ရေး အာဏာပိုင်များထံ အကူအညီ တောင်းခံခဲ့သည်။

သူမကို နောက်ပိုင်းတွင် လူကုန်ကူးမှု ခံရသူအဖြစ် ကာကွယ်စောင့်ရှောက်ရေး ဂေဟာသို့ ပို့ဆောင်ခဲ့ပြီး ထိုင်းနိုင်ငံသို့ ပြန်လည်စေလွှတ်ခဲ့သည်။ လက်ရှိ ပြည့်တန်ဆာမှုတိုက်ဖျက်ရေးဥပဒေအရ ယင်းအမှုတွင် ဝယ်ယူသူကို တရားစွဲဆိုနိုင်မည် မဟုတ်ပေ။

မကြာသေးမီနှစ်များအတွင်း လိင်ခရီးသွားလုပ်ငန်း မြင့်တက်လာသည့် ဂျပန်နိုင်ငံတွင် ယန်းငွေတန်ဖိုး ကျဆင်းခြင်း၊ ပြည်ပခရီးသွား ဝင်ရောက်မှု များပြားခြင်းနှင့် ဆိုရှယ်မီဒီယာ ပို့စ်များကြောင့် နိုင်ငံခြားသား ခရီးသွားများနှင့် ဒေသခံများသည် ငွေပေး၍ လိင်ဖျော်ဖြေမှုရရန် တိုကျိုမြို့၏ ကာဘူကီချို အပန်းဖြေဇုန်သို့ အစုလိုက်အပြုံလိုက် လာရောက်ကြသည်။

အိမ်ပြေး ဆယ်ကျော်သက်များ လမ်းပေါ်တွင် ပြည့်တန်ဆာအဖြစ် လုပ်ကိုင်လာခြင်းသည်လည်း မြင့်တက်လာနေသည့် လူမှုရေးပြဿနာတစ်ခု ဖြစ်သည်။

ရဲတပ်ဖွဲ့သည် မကြာသေးမီနှစ်များအတွင်း လမ်းပေါ်တွင် လုပ်ကိုင်နေသည့် အမျိုးသမီးငယ်များကို နှိမ်နင်းမှုများ ပြုလုပ်ခဲ့သည်။ ၎င်းတို့အနက် အများစုမှာ ကျင့်ဝတ်မဲ့သော ဟော့စ်ကလပ် (Host clubs) များကြောင့် အကြွေးများ တင်ရှိနေသူများ ဖြစ်ကြပြီး ထိုကလပ်များရှိ အမျိုးသားများက အမျိုးသမီးများကို ပြည့်တန်ဆာအဖြစ် လုပ်ကိုင်ကာ အကြွေးဆပ်ရန် အခြေခံအားဖြင့် အတင်းအကျပ် ခိုင်းစေခြင်းဖြစ်သည်။ သို့သော် ထိုသို့ နှိမ်နင်းရာတွင် ဝယ်ယူသူများကို အဘယ်ကြောင့် ဖမ်းဆီးခြင်း မပြုသနည်းဟူသော ဝေဖန်မှုများလည်း ထွက်ပေါ်ခဲ့သည်။

အမျိုးသားရဲတပ်ဖွဲ့ အေဂျင်စီ၏ ထုတ်ပြန်ချက်အရ ၂၀၂၄ ခုနှစ်အတွင်း ပြည့်တန်ဆာမှုတိုက်ဖျက်ရေးဥပဒေ ချိုးဖောက်မှုဖြင့် လူပေါင်း ၃၈၁ ဦးကို ဖမ်းဆီးခဲ့သည်။

နိုင်ငံတကာတွင်မူ အမေရိကန်ပြည်နယ် အများစုအပါအဝင် နိုင်ငံအများအပြား၌ လိင်ရောင်းချသူနှင့် ဝယ်ယူသူ နှစ်ဦးစလုံးကို ရာဇဝတ်မှုအဖြစ် သတ်မှတ်ထားပြီး ဆွီဒင်နှင့် ပြင်သစ်ကဲ့သို့သော နိုင်ငံများတွင်မူ ဝယ်ယူသူကိုသာ အပြစ်ပေးသည်။

တစ်ဖက်တွင်လည်း နယ်သာလန်နှင့် ဂျာမနီနိုင်ငံတို့သည် ပြည့်တန်ဆာလုပ်ငန်းကို တရားဝင် ခွင့်ပြုထားပြီး နယူးဇီလန်နှင့် အခြားနိုင်ငံအချို့တွင်မူ ၎င်းကို ရာဇဝတ်မှုအဖြစ်မှ ပယ်ဖျက်ကာ ပြစ်ဒဏ်များကို လုံးဝ ဖယ်ရှားထားသည်။