ကျိုက္ကော်မြို့ပေါ် စစ်တပ် အလစ်အငိုက်ဝင်၍ ပေါ်တာဆွဲ၊ လူအယောက် ၃၀ ကျော် ပါသွား

ဓာတ်ပုံ - စစ်ကော်မရှင် ဝါဒဖြန့်မီဒီယာ
ပုံစာ - လေ့ကျင့်ရေး ၉ သို့ အဓမ္မစစ်မှုထမ်းသင်တန်းသားများ ရောက်လာပုံ။ (ပုံဟောင်း)

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ကျိုက္ကော်မြို့(သုဝဏ္ဏဝတီ)တွင် စစ်တပ်က အလစ်အငိုက်ဝင်၍ ပေါ်တာ ဆွဲခဲ့ရာ လူအယောက် ၃၀ ကျော် ပါသွားကြောင်း သိရသည်။

ဖေဖေါ်ဝါရီ၁၀ရက်၊ည၇နာရီကျော်တွင် ကျိုက္ကော်မြို့၊ ပဲခူးစုထဲသို့ ကားသေး ၂ စီးဖြင့် စစ်သားများ ရောက်လာကာ ရပ်ကွက်တွင်း ကားလမ်းဘေးအရက်ဆိုင်၊ အိမ်ထဲနှင့် အာဝါဒေးပွဲသွားနေသည့်သူ အမျိုးသားများကို ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံအချို့ထံက သိရသည်။

“အရက်ဆိုင်ထိုင်နေတဲ့သူတွေပါသွားတယ်။တချို့ကျတော့ အိမ်ထဲဝင်ဆွဲခံရတာ။ဒီညက နောင်ဘို( ရွာ)မှာ အာဝါဒေးပွဲရှိတယ်။နန်းခင်ဇေယျာလာဖျော်ဖြေမယ်ဆိုလို့ သွားနေတဲ့သူတွေလည်း အဖမ်း ခံ ရတယ်။အဖမ်းခံရတဲ့သူတွေကို လိုက်ထရပ်ကား ၂ စီးနဲ့အပြည့်တင်သွားတယ်။လိုက်ထရပ်ကားပေါ်က အနောက်ခြမ်းမှာ စစ်သား၃ယောက်စီ ထိုင်လိုက်သွားတာတွေ့ရတယ်။လိုက်ထရပ်က သထုံမြို့ဘက် ကို မောင်းသွားတယ်”ဟု ကျိုက္ကော်မြို့ခံတစ်ဦးက ဖေဖေါ်ဝါရီ ၁၀ ရက်ညတွင် MPA သို့ပြောသည်။

သထုံမြို့နယ်၊နောင်ဘိုရွာတွင် ဇာတ်ပွဲသွင်း၍ လောင်းကစားဝိုင်းခင်းသည့် အာဝါဒေးပွဲပြုလုပ်နေ ကြောင်း သိရသည်။

“အာဝါဒေးပွဲလုပ်ပြီး ပေါ်တာလည်း ဆွဲတဲ့သဘောပဲ”ဟု သထုံမြို့ စစ်ရေးသတင်းရင်းမြစ်က ပြော သည်။

သထုံမြို့ပေါ်တွင် အမြဲတမ်းလိုလို ပေါ်တာဆွဲနေသော်လည်း ကျိုက္ကော်၌မူ ယခုပေါ်တာဆွဲခြင်းမှာ ၂၀၂၆ခုနှစ်အတွင်း ပထမဆုံးအကြိမ်ဖြစ်ကြောင်း သိရသည်။

သထုံမြို့နယ်၊ဇရစ်ချောင်ကျေးရွာရှိ အမှတ်၉ စစ်အခြေခံလေ့ကျင့်ရေးတပ်(လေ့ကျင့်ရေး၉)၌ စစ်မှု ထမ်းသင်တန်းဖွင့်လှစ်လျက်ရှိပြီး လက်ရှိတွင် သထုံမြို့သားများအပါအဝင် အခြားဒေသများမှ အဓမ္မ ဖမ်းဆီးခဲ့သော လူငယ်၂၉၂ဦး သင်တန်းတက်နေကြောင်း သထုံမြို့စစ်ရေးသတင်းရင်းမြစ်က ဆိုသည်။