ငြိမ်းချမ်းရေးအတွက် လမ်းလျှောက်သည့် “Walk for Peace” ရဟန်းတော်များ ဝါရှင်တန်ဒီစီသို့ ရောက်ရှိ

ငြိမ်းချမ်းရေးလမ်းလျှောက်ခြင်း” (Walk for Peace) ခရီးစဉ်အဖြစ် ကီလိုမီတာ ၃,၇၀၀ ရှည်လျားသော ပြည်နယ် ကိုးခုကို ဖြတ်သန်းသည့် ဗုဒ္ဓဘာသာရဟန်းတော် ၂၄ ပါးသည် ဖေဖော်ဝါရီ ၁၀ ရက်က နောက်ဆုံးခရီးဖြစ်သည့် ဝါရှင်တန်ဒီစီသို့ ရောက်ရှိလာကြသည်။

အဆိုပါ ရဟန်းတော်များအား ထောင်နှင့်ချီသောလူများနှင့်အတူ ကြိုဆိုနှုတ်ဆက်ခဲ့သည့် မေရီလန်းပြည်နယ်၊ ဆေးလ်ဗားစပရင်းမှ အသက် ၅၉ နှစ်အရွယ် မစ္စ ဂျိုအန် ဒိုနိုဂူးက “လူတွေက ဒါကို လိုလားနေကြတာပါ၊ ကျွန်မ တနင်္ဂနွေနေ့က ဗာဂျီးနီးယားမှာလည်း သွားခဲ့သေးတယ်။ အပြင်မှာ အကြာကြီး စောင့်ခဲ့ရတယ်။ လူတွေအများကြီးနဲ့ စကားပြောခဲ့ရာမှာ အားလုံးက တစ်လေသံတည်း ပြောကြတာကတော့ ကျွန်မတို့နိုင်ငံဟာ ဒီလိုအရာမျိုး လိုအပ်နေတယ်ဆိုတာပါပဲ။ ကျွန်မတို့ဟာ ကွဲပြားနေကြတယ်လို့ ခံစားရပြီး လူတွေဟာ ပိုမိုတဲ့ ကြင်နာမှု၊ ကရုဏာတရားနဲ့ ငြိမ်းချမ်းမှုကို လိုလားနေကြပါတယ်” ဟုဆိသည်။

ရဟန်းတော်များသည် လွန်ခဲ့သော သုံးလကျော်က တက္ကဆက်ပြည်နယ်ရှိ ၎င်းတို့၏ ကျောင်းတော်မှ စတင်ကာ လမ်းလျှောက်ခဲ့ကြခြင်းဖြစ်ပြီး အမေရိကန်နှင့် ကမ္ဘာတစ်ဝန်းတွင် “ငြိမ်းချမ်းရေး၊ မေတ္တာနှင့် ကရုဏာတရားများအပေါ် သတိပြုမိလာစေရန်” ရည်ရွယ်၍ တစ်ခါတစ်ရံတွင် အလွန်အေးခဲသော ဆောင်းရာသီအပူချိန်ကို အချို့နေရာများ၌ ခြေဗလာဖြင့်ပင် ဖြတ်ကျော်ခဲ့ကြသည်။

အမေရိကန်နိုင်ငံတွင် တင်းမာမှုများ မြင့်တက်နေသလို ဒေသအများအပြားတွင် အာတိတ်ဒေသမှလာသော အလွန်အမင်းအေးမြသည့် လေထုနှင့်အတူ ဆီးနှင်းများ၊ မိုးနှင်းများနှင့် ရေခဲမိုးများကြောင့် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်နေသော်လည်း လမ်းလျှောက်သူများသည် ဆက်လက်ခရီးနှင်ခဲ့ကြသည်။

Walk for peace အဖွဲ့၏ ဦးဆောင်ဆရာတော် အရှင်ပညာကရက ” အခုလမ်းလျှောက်တာဟာ ဆန္ဒပြဖို့မဟုတ်ဘဲ ကျွန်တော်တို့ တစ်ဦးချင်းစီရဲ့ အတွင်းစိတ်ထဲမှာ ကိန်းအောင်းနေပြီးသားဖြစ်တဲ့ ငြိမ်းချမ်းရေးကို ပြန်လည်နိုးထလာစေဖို့ ဖြစ်ပါတယ်” ဟု မိန့်ကြားသည်။

“ငြိမ်းချမ်းရေးလမ်းလျှောက်ခြင်းဟာ ရိုးရှင်းပေမဲ့ အဓိပ္ပာယ်ရှိတဲ့ သတိပေးချက်တစ်ခု ဖြစ်ပါတယ်။ စည်းလုံးညီညွတ်မှုနဲ့ ကြင်နာမှုဆိုတာ ကျွန်တော်တို့ တစ်ဦးချင်းစီကနေ စတင်တာဖြစ်ပြီး မိသားစု၊ အသိုက်အဝန်းနဲ့ လူ့အဖွဲ့အစည်းတစ်ရပ်လုံးဆီကို ပျံ့နှံ့သွားနိုင်ပါတယ်”

ရဟန်းတော်များသည် ဝါရှင်တန်မြို့တွင် ဖေဖော်ဝါရီ ၁၀ ရက်နှင့် ၁၁ ရက်တို့၌ သီတင်းသုံးမည်ဖြစ်ပြီး ဖေဖော်ဝါရီ ၁၂ ရက်တွင် မေရီလန်းပြည်နယ်၊ အန်နာပိုလစ်မြို့၌ ခရီးစဉ်ကို အဆုံးသတ်မည်ဖြစ်သည်။