လူသားချင်း စာနာထောက်ထားမှု အကူအညီများ ပေးအပ်ရာတွင် အာဏာသိမ်း စစ်တပ်နှင့် နီးစပ်သူများထံသို့သာ ပေးအပ်ရန်နှင့် စစ်တပ်က အကြမ်းဖက်ဟု သတ်မှတ်ထားသည့် အဖွဲ့အစည်းများ နှင့် ၎င်းတို့နှင့် နီးစပ်သည့် ပြည်သူများထံ အကူအညီ မရောက်ရှိစေရန် စစ်ကော်မရှင် ကျန်းမာရေးဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်းက ပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါ ပြောဆိုမှုအား ဒေါက်တာသက်ခိုင်ဝင်းက ဖေဖော်ဝါရီ ၉ ရက်က ပြုလုပ်သည့် ၈၈ ကြိမ်မြောက် မြန်မာနိုင်ငံ ကြက်ခြေနီအသင်း ဗဟိုကောင်စီ အစည်းအဝေးတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။
၎င်းက ပြောကြားရာတွင် “လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပေးအပ်ရာတွင် ဘက်လိုက်မှုမရှိဘဲ မျှတစွာ ပေးအပ်နိုင်ရေး၊ မသက်ဆိုင်သူများထံ မရောက်ရှိစေရေး၊ နိုင်ငံတော်က အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားသည့် အဖွဲ့အစည်းများထံ အကူအညီ အထောက်အပံ့များ မရောက်ရှိစေရေး အလေးထားဆောင်ရွက်ပေးရန် မှာကြားလိုပါကြောင်း” ဟု ဆိုသည်။
ဝန်ကြီး၏ ပြောဆိုချက်ပါ စစ်ကော်မရှင်က သတ်မှတ်ထားသည့် အဖွဲ့အစည်းများ ဆိုသည်မှာ စစ်တပ်က အကြမ်းဖက်အုပ်စုများအဖြစ် ကြေညာထားသည့် NUG၊ CRPH၊ PDF အဖွဲ့များနှင့် တိုင်းရင်းသား တော်လှန်ရေးအဖွဲ့များကို ဆိုလိုခြင်းဖြစ်ပြီး၊ ယင်းတို့နှင့် ဆက်စပ်နေသည့် စစ်ဘေးရှောင် ပြည်သူများထံသို့ပါ အကူအညီများ ပိတ်ပင်ရန် ရည်ရွယ်ခြင်း ဖြစ်သည်။
စစ်ကော်မရှင် ကျန်းမာရေးဝန်ကြီး၏ ပြောဆိုမှုသည် ကမ္ဘာ့ကြက်ခြေနီအသင်း၏ အခြေခံမူဝါဒများနှင့် လွဲချော်နေကြောင်း စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးကပြောသည်။
“ကြက်ခြေနီအသင်းရဲ့ မူဝါဒက ဘက်မလိုက်ဘူး၊ ကြားနေတယ်။ နိုင်ငံရေးယုံကြည်ချက် ကွဲပြားမှုတွေအပေါ်မှာ ခွဲခြားဆက်ဆံတာမျိုး မလုပ်ရဘူး။ ဒီတော့ ဒေါက်တာသက်ခိုင်ဝင်းက သူတို့စစ်တပ်က တော်လှန်ရေးသမားတွေကို သူတို့ဘာသာ အကြမ်းဖက်ကြေညာပြီး ကြက်ခြေနီအသင်းကို မထောက်ပံ့ရဘူးဆိုပြီး လုပ်လို့မရပါဘူး။ ဒါဟာ ဆိုးရွားပါတယ်” ဟု ၎င်းက ဝေဖန်သည်။
ယင်းအပြင် ကျန်းမာရေး CDM ဝန်ထမ်းတစ်ဦးကလည်း ဝန်ကြီး၏ ပြောကြားချက်မှာ ကျန်းမာရေးနှင့် လူသားချင်းစာနာမှုဆိုင်ရာ ကျင့်ဝတ်များကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်းဖြစ်ကြောင်း မှတ်ချက်ပြုသည်။
“ကြက်ခြေနီဆိုတာ စစ်မြေပြင်မှာတောင် ရန်သူ၊ မိတ်ဆွေ မခွဲခြားဘဲ ဒုက္ခရောက်နေသူကို ကူညီရတဲ့အဖွဲ့ပါ။ အခု ဝန်ကြီးပြောတာကတော့ အကူအညီတွေကို လက်နက်တစ်ခုလို သုံးပြီး သူတို့ကို ထောက်ခံသူတွေကိုပဲ ပေးမယ်၊ သူတို့ကို ဆန့်ကျင်ရင် သေချာပါစေဆိုတဲ့ သဘောမျိုး ဖြစ်နေတယ်။ ဒါဟာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုမြောက်တဲ့ လုပ်ရပ်မျိုးကို အားပေးနေတာပါ” ဟု ၎င်းက ပြောသည်။
ပြည်သူတစ်ဦးကလည်း “မသက်ဆိုင်သူဆိုတာ ဘယ်သူ့ကို ဆိုလိုတာပါလဲ။ ဒုက္ခရောက်နေတဲ့သူ ဘယ်သူ့ကိုမဆို ကူညီရမှာ မဟုတ်ဘူးလား။ သခင်အားရ ကျွန်ပါးဝတာလား ဝန်ကြီး” ဟု မေးခွန်းထုတ်ခဲ့သည်။
ကမ္ဘာ့ကြက်ခြေနီအသင်းအား ၁၈၆၃ ခုနှစ်တွင် ဆွစ်ဇာလန် စီးပွားရေးလုပ်ငန်းရှင် ဟင်နရီဒူးနန့်က စတင်တည်ထောင်ခဲ့ခြင်း ဖြစ်သည်။ ဟင်နရီဒူးနန့်သည် ဆော်ဖာရီနိုစစ်ပွဲအတွင်း စစ်မြေပြင်မှ သေကြေပျက်စီးမှုများကို မြင်တွေ့ခဲ့ပြီးနောက် ပဋိပက္ခများအတွင်း မည်သူ့ကိုမဆို ခွဲခြားမှုမရှိဘဲ ကူညီပေးနိုင်ရန် ရည်ရွယ်ချက်ဖြင့် ဤအဖွဲ့ကြီးကို ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။
သို့သော် ယခုအခါ ဒေါက်တာသက်ခိုင်ဝင်းသည် ကြက်ခြေနီအသင်း၏ ခိုင်မာသော ကြားနေရေးမူဝါဒများကို ချိုးဖောက်ရန်နှင့် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းအား စစ်အာဏာရှင်အလိုကျ ကြိုးကိုင်အသုံးချရန် ကြိုးပမ်းနေခြင်းဖြစ်ကြောင်း သိရသည်။
