ဖားကန့်တွင် စစ်ယာဉ်တန်းကို မိုင်းဆွဲစဉ် ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရ

ဓာတ်ပုံ - Tarlin Mg
ပုံစာ - မိုင်းပေါက်ကွဲမှုကြောင့် ပျက်စီးသွားသည့် ကား

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် လက်နက်ခဲယမ်းများလာရောက်ပို့ဆောင်သည့် စစ်တပ်ယာဉ်တန်းကို တော်လှန်ရေးတပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်စဉ် ဖြတ်သန်းသွားလာနေသည့် ပြည်သူ၃ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယနေ့ ( ဖေဖော်ဝါရီ ၁၀ ရက် ) မွန်းလွဲ ၁ နာရီခန့်တွင် ဖားကန့်မြို့နယ်၊ ‌လုံးခင်းကျေးရွာအုပ်စု၊ မှော်စီစာကျေးရွာလမ်းပိုင်းတွင် မိုင်း၃လုံး ပေါက်ကွဲခဲ့ပြီး ဆန်းကြွယ်ရွာမှ အမျိုးသမီး၂ဦးနှင့် ဆိုင်း‌တောင်ရွာမှ အမျိုးသားတစ်ဦးတို့ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

” စစ်တပ်ရဲ့ ရိက္ခာနဲ့ လက်နက်ခဲယမ်း ထောက်ပို့ကားတွေ ကာမိုင်း – ဖားကန့်လမ်းဘက်က တက် လာတယ်လို့ မနက်ကတည်းက သတင်းကြားရတယ်။ အဲဒီမှာ တော်လှန်ရေးတပ်ဖွဲ့တွေက မိုင်းဆွဲ တာပါ။ စစ်ကားတွေ အခြေအနေတော့ မသိရဘူးပေါ့နော်၊ မိုင်းဆွဲခံရပြီး ဘယ်ကိုဆက်သွားလဲ။ အရပ်သားတော့ ၃ဦးထိတယ်။ လုံးခင်းကနေ မှော်စီစာကို အဝင်မှာ တစ်လုံးကွဲတယ်။ အဲဒီမှာ ဆန်း ကြွယ်ကျေးရွာက အမျိုးသမီး ၂ယောက် ဆိုင်ကယ်နဲ့ဖြတ်တဲ့အချိန် ထိတာ။ ဒဏ်ရာပြင်းထန်တယ်။ မှော်စီစာကနေ အောင်သာယာရွာဘက်ကို တက်တဲ့ စကိုင်းဟိုတယ်အနီးမှာ ၂လုံးကွဲတယ်။ ကားတစ်စီးထိတယ်။ ကားထဲက လူတော့ မထိခိုက်ဘူး။ ဆိုင်ကယ်စီးလာတဲ့ အမျိုးသားတစ်ဦး လည်း ထိခိုက်တယ်။ သူက ကားခံသွားတော့ သိပ်မထိခိုက်ဘူး။ ဆိုင်းတောင်ရွာက လို့ သိရတယ် ” ဟု ဖားကန့်စစ်ရေးသတင်းရင်းမြစ်က MPA ကို ပြောသည်။

ဒဏ်ရာရရှိသူများမှာ ဆေးဝါးကုသမှု ခံယူနေကြပြီး ၎င်းတို့၏ မိသားစုဝင်များနှင့် ဆက်သွယ်ပေး ထားကြောင်း သိရသည်။

” ဆုတောင်းကုန်း‌ဘက်မှာလည်း တိုက်ပွဲဖြစ်နေကြတုန်းပဲ။ ဒီနေ့လယ် ၁နာရီ ၄၀ လောက်က လေယာဉ်နဲ့ ဗုံးလာကြဲသွားတယ်။ ပြည်သူထိခိုက်မှုတော့ မရှိပါဘူး ” ဟု ယနေ့ ညနေ ၄နာရီကျော် တွင် ၎င်းကပြောသည်။

ဖေဖော်ဝါရီ ၇ ရက်က ဖားကန့်မြို့ မြို့မရပ်ကွက်ရှိ ကလပ်ကုန်းနှင့် မရှီကထောင်ရပ်ကွက်တို့တွင် လက်နက်ကြီးကျရောက်မှုကြောင့် အမျိုးသမီး၂ဦးနှင့် အမျိုးသား တစ်ဦး ဒဏ်ရာရရှိခဲ့သေးသည်။

ဇန်နဝါရီ ၃၀ ရက်ကစ၍ ဖားကန့်မြို့ မရှီကထောင်ရပ်ကွက်၊ သီလရှင်ကုန်းမှ စစ်တပ်က စတင်စစ်ကြောင်းထိုးလာခြင်းဖြစ်ပြီး KIA ပူးပေါင်းတပ်များ၏ ခုခံမှုကြောင့် စစ်ကြောင်းမှာ ရှေ့သို့ မတိုးနိုင်ဘဲ ရှိနေကာ လေကြောင်းနှင့် လက်နက်ကြီး ပစ်ကူ အလွန်အကျွံ သုံးနေကြောင်း သိရသည်။