ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်းပြည်နယ်တစ်ခုရှိ လွှတ်တော်အမတ်လောင်းတစ်ဦးသည် ဖေဖော်ဝါရီ ၁၁ ရက် နံနက်အစောပိုင်းက ၎င်း၏နေအိမ်တစ်လုံး ပြာကျသွားစေခဲ့သည့် မီးလောင်မှုမှာ ပုရွက်ဆိတ်များကြောင့် ဖြစ်ပွားရခြင်းဖြစ်ကြောင်း အပြစ်တင်ပြောကြားခဲ့သည်။
မီးလောင်မှုသည် နံနက် ၄ နာရီခန့်တွင် မွန်အန်း ခရိုင်၊ ချီလွန်ကျေးရွာအုပ်စု၌ ဖြစ်ပွားခဲ့ပြီး မိနစ် ၄၀ အကြာတွင် တစ်ထပ်ပျဉ်ထောင်အိမ် ပြာကျပျက်စီးသွားခဲ့သည်။
အိမ်ပိုင်ရှင်မှာ အသက် ၆၇ နှစ်အရွယ်ရှိ စိုချုတ် ဆူနွန်သန် (Sochoke Sunontan) ဖြစ်ပြီး သူသည် United Thai Nation ပါတီ၏ လွှတ်တော်အမတ်လောင်းတစ်ဦးဖြစ်သည်။ ဖေဖော်ဝါရီ ၈ ရက် အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒနယ်အမှတ် (၂) မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ မဲ ၉၄ ရာခိုင်နှုန်း ရေတွက်ပြီးချိန်တွင် စတုတ္ထနေရာရရှိခဲ့သည်။
သူသည် စာသင်ကြားသည့် ဆရာတစ်ဦးနှင့် နာမည်ကျော် ဒေသခံတေးဂီတပညာရှင်တစ်ဦး ဖြစ်သည့်အတွက် အဆိုပါအိမ်ကို ရုံးခန်းနှင့် ဂီတကျောင်းအဖြစ် အသုံးပြုခဲ့သည်။
မီးလောင်မှုအတွင်း တိုင်းရင်းသားကျေးလက်တေးဂီတတူရိယာ ၁၀ ခုထက်မက ပျက်စီးသွားခဲ့သည်။ ပျက်စီးဆုံးရှုံးမှုတန်ဖိုးမှာ ဘတ် ၄၀၀,၀၀၀ ခန့်ရှိမည်ဟု ၎င်းက ခန့်မှန်းထားသည်။
စိုချုတ်၏ ပြောကြားချက်အရ ၎င်းနှင့် ၎င်း၏ဇနီး၊ သားဖြစ်သူတို့သည် ဘေးကပ်လျက်အိမ်တွင် နေထိုင်ကြကြောင်းနှင့် နံရံရှိ လျှပ်စစ်ပလတ်ပေါက်များအတွင်း ပုရွက်ဆိတ်များ အသိုက်ဖွဲ့ထားခြင်းကြောင့် လျှပ်စစ်ဝါယာရှော့ဖြစ်ကာ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်ဟု ယူဆကြောင်း သိရသည်။
ပုရွက်ဆိတ်များသည် လျှပ်စစ်ပလတ်ပေါက်များအတွင်း၌ မကြာခဏ အသိုက်ဖွဲ့လေ့ရှိသဖြင့် ၎င်းအနေဖြင့် ပလတ်ပေါက်များကို မကြာခဏ သန့်ရှင်းရေးလုပ်ပေးရကြောင်း ၎င်းက ပြောသည်။
သို့သော် နောက်ပိုင်းတွင် ၎င်းမှာ အိမ်တွင်မရှိသဖြင့် ပုရွက်ဆိတ်သိုက်များက ပလတ်ပေါက်များအတွင်း ပြည့်နှက်သွားကာ မီးလောင်မှုကို ဖြစ်ပွားစေခဲ့ခြင်း ဖြစ်နိုင်သည်ဟု ဆိုသည်။
ရဲတပ်ဖွဲ့က မီးလောင်မှုသည် လျှပ်စစ်ဝါယာရှော့ဖြစ်ရာမှ စတင်ခဲ့သည်ဟု ကနဦး ယူဆထားသည်။
