အယ်လ်နီညိုရာသီဥတုလက္ခဏာ ပိုမိုအားကောင်းလာခြင်းကြောင့် ၂၀၂၇ ခုနှစ်သည် အပူဆုံးနှစ်ဖြစ်လာနိုင်

ဓာတ်ပုံ - The Nation

ပစိဖိတ်သမုဒ္ဒရာအတွင်း “အယ်လ်နီညို” (El Niño) ဖြစ်စဉ်တစ်ခု ဖြစ်ပေါ်လာနိုင်ပြီး ယင်းသည် ၂၀၂၇ ခုနှစ်တွင် ကမ္ဘာ့ပျမ်းမျှအပူချိန်အား စံချိန်တင်အမြင့်ဆုံးအထိ ရောက်ရှိသွားစေနိုင်ကြောင်း ကမ္ဘာတစ်ဝန်းရှိ မိုးလေဝသအေဂျင်စီများက သတိပေးထားသည်။

အယ်လ်နီညိုသည် အရှေ့ပိုင်းနှင့် အလယ်ပိုင်း အီကွေတာပစိဖိတ်သမုဒ္ဒရာရှိ ပင်လယ်ရေမျက်နှာပြင် အပူချိန်ကို ပုံမှန်ထက် မြင့်တက်စေပြီး ကမ္ဘာတစ်ဝန်းတွင် ပုံမှန်မဟုတ်သော အပူချိန်မြင့်မားသည့် အခြေအနေများကို ဖြစ်ပေါ်စေလေ့ရှိသည်။

ပုံမှန်အခြေအနေတွင် ကုန်သွယ်လေ (Trade winds) များသည် အရှေ့မှ အနောက်သို့ တိုက်ခတ်သော်လည်း အယ်လ်နီညိုဖြစ်စဉ်အတွင်း ယင်းလေများ အားနည်းသွားသည်။

ယင်းအခြေအနေကြောင့် စုပုံနေသော ရေနွေးများကို အမေရိကတိုက်များဘက်သို့ ပြန်လည်စီးဆင်းစေကာ လေထုအတွင်းသို့ အပူရှိန်အမြောက်အမြား ထုတ်လွှတ်စေသည်။

ပစိဖိတ်သမုဒ္ဒရာ အနောက်ဘက် အစွန်အဖျားပိုင်းတွင် လပေါင်းများစွာအတွင်း အပြင်းထန်ဆုံး လေတိုက်ခတ်မှုများ ဖြစ်ပေါ်နေသည်ကို မိုးလေဝသပညာရှင်များက တွေ့ရှိထားသည်။

ယင်းလေများသည် ကမ္ဘာပေါ်ရှိ အပူဆုံး ပင်လယ်ရေများကို ဂူအမ် (Guam) ကျွန်းအနီးမှ တောင်အမေရိက အနောက်ဘက်ကမ်းရိုးတန်းဆီသို့ အရှေ့ဘက်သို့ ရွေ့လျားသွားအောင် တွန်းပို့ပေးနေပြီး ၎င်းမှာ အယ်လ်နီညိုအခြေအနေသို့ ကူးပြောင်းတော့မည့် အစောပိုင်းလက္ခဏာတစ်ခု ဖြစ်သည်။

သမုဒ္ဒရာအတွင်း အပူချိန် စုပုံနေမှုသည် စံချိန်တင်အပူဆုံးနှစ် ဖြစ်လာရန် အလားအလာကို မြင့်တက်စေသည်။

ကမ္ဘာ့မိုးလေဝသအဖွဲ့ (WMO) ၏ အစီရင်ခံစာအရ လာမည့်နှစ်သည့်၂၀၂၃ ခုနှစ် နောက်ပိုင်း စံချိန်တင်အပူဆုံးနှစ် ဖြစ်လာရန် ၉၈ ရာခိုင်နှုန်း သေချာနေသည်။

ထို့အပြင် ငါးနှစ်အတွင်း တစ်နှစ်တွင် ကမ္ဘာ့ပျမ်းမျှအပူချိန်သည် စက်မှုခေတ်မတိုင်မီ အဆင့်ထက် ၁.၅ ဒီဂရီစဲလ်စီးယပ်သို့ ယာယီကျော်လွန်သွားနိုင်ခြေ ၆၆ ရာခိုင်နှုန်း ရှိကြောင်းလည်း ဆိုသည်။

အယ်လ်နီညိုသည် ကမ္ဘာ့အပူချိန်ကို မြင့်တက်စေရုံသာမက ပင်လယ်ရေမျက်နှာပြင် မြင့်တက်မှုကိုလည်း ပုံမှန်ထက် မြန်ဆန်စေနိုင်သည်။ သုတေသနအသစ်များအရ ၂၀၀၉ ခုနှစ်နှင့် ၂၀၂၄ ခုနှစ်အတွင်း အာဖရိကတိုက်တွင် ပင်လယ်ရေမျက်နှာပြင် မြင့်တက်မှုနှုန်း ၇၃ ရာခိုင်နှုန်းအထိ ရှိခဲ့ပြီး အယ်လ်နီညိုသည် ယင်းအရှိန်ကို မြှင့်တင်ပေးသည့် အရေးပါသော အကြောင်းရင်းတစ်ခု ဖြစ်သည်။

အယ်လ်နီညိုနှင့် ဆက်စပ်နေသော ပင်လယ်တွင်း အပူလှိုင်းများသည် ဂေဟစနစ်များကို ခြိမ်းခြောက်ပြီး ကမ်းရိုးတန်းစီးပွားရေးနှင့် အဓိကစားနပ်ရိက္ခာရင်းမြစ်ဖြစ်သော ငါးဖမ်းလုပ်ငန်းများကို ပျက်စီးစေသည်။

အခြားသော ဒေသများတွင် အယ်လ်နီညိုသည် သြစတြေးလျ၊ အင်ဒိုနီးရှားနှင့် တောင်အာရှ အချို့ဒေသများတွင် ပြင်းထန်သော မိုးခေါင်မှုကို ဖြစ်ပေါ်စေလေ့ရှိသည်။

အယ်လ်နီညိုဖြစ်ပေါ်ကြောင်း ကြေညာခြင်းသည် ကမ္ဘာတစ်ဝန်းရှိ အစိုးရများအနေဖြင့် ကဏ္ဍစုံမှ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ရန် အချက်ပြချက်ဖြစ်သင့်ကြောင်းနှင့် စောစီးစွာ ပြင်ဆင်ခြင်းနှင့် ကြိုတင်သတိပေးစနစ်များသည် အထူးသဖြင့် ထိခိုက်လွယ်သော လူ့အဖွဲ့အစည်းများအတွက် အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ရန် အလွန်အရေးကြီးကြောင်း ကမ္ဘာ့မိုးလေဝသအဖွဲ့ (WMO) ၏ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ပရော်ဖက်ဆာ ပက်ထရီ တားလပ်စ်က သတိပေးထားသည်။