ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်ရှိ ပကဖစခန်းဟောင်းကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသမီးတစ်ဦးသေဆုံးကာ ယောကျာ်းနှင့် သားဖြစ်သူတို့ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ယနေ့ ( ဖေဖော်ဝါရီ ၁၁ရက် ) နံနက် ၁နာရီခန့်တွင် နတ်တလင်းမြို့နယ်၊ ကျောက်ပြုတ်ကျေးရွာ၏ တောင်ဘက်ခြမ်းရှိ ပကဖစခန်းဟောင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ယင်းစခန်းဟောင်း၌ နေထိုင်နေသည့် အသက် ၃၀ အရွယ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး အသက် ၃၀ အရွယ်ရှိ ၎င်း၏ အမျိုးသားနှင့် ၁၀နှစ်အရွယ်သားဖြစ်သူတို့ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
” ပကဖစခန်းဟောင်းကို လာပစ်တာပါ။ အဲဒီမှာ အဖွဲ့တွေက မနေကြတော့ဘူး၊ ရွှေ့သွားကြပြီ။ တဲလေးတွေ ကျန်ခဲ့တော့ ပြည်သူတွေက သူတို့အခင်းနဲ့လည်းနီးတာရယ်၊ သွားရလာရလွယ်လို့ မိသားစုတစ်စု သွားနေကြတာ ” ဟု နတ်တလင်းမြို့နယ် သတင်းရင်းမြစ်က MPA ကို ပြောသည်။
စစ်တပ်က ပေါင်၂၅၀ဟုထင်ရသော ဗုံးတစ်လုံးတည်း ကြဲချခဲ့ခြင်းဖြစ်ပြီး ဟောင်းနေပြီဖြစ်သော တဲ၄လုံး ပျက်စီးသွားကြောင်း သိရသည်။
” ဒဏ်ရာရသူတွေကတော့ အဲဒီနားက စစ်ဘေးရှောင်တွေကို ဆေးကုပေးနေတဲ့ အဖွဲ့တွေရှိတယ်။ သူတို့ ဆေးကုပေးထားပါတယ် ” ဟု ၎င်းက ဆက်လက်ပြောသည်။
ဖေဖော်ဝါရီ ၉ ရက်က နတ်တလင်းမြို့နယ်၊ အိမ်သုံးဆယ်ရွာ၊ ဘန်ကောက်တန်းနှင့် တာဂွရွာတို့ကို စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ပြီး ဖေဖော်ဝါရီ ၆ရက်ကလည်း နတ်တလင်းမြို့နယ် PDF ကာကင်းစခန်း တစ်ခုကို စစ်တပ်က ဒရုန်းဖြင့် ဗုံးကြဲခဲ့ရာ PDF ရဲဘော် ၆ ဦး ကျဆုံးခဲ့သည်။
