မွန်ပြည်နယ် လောင်းကစားဝန်ကြီးချုပ် အောင်ကြည်သိန်းနေရာတွင် ဗိုလ်မှူးချုပ်တစ်ဦးကို ခန့်အပ် တော့မည်ဆိုသည့်သတင်း ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာကြောင်း သိရသည်။
ဖေဖေါ်ဝါရီ၁၁ရက်ညက တိုင်းနဲ့ပြည်နယ်လွှတ်တော်အသီးသီးသို့ ပေးပို့သည့် အစိတ်သားအမတ်(စစ် တပ်အမတ်)စာရင်းများ ထုတ်ပြန်ရာ၌ အခြားသော တိုင်းနှင့်ပြည်နယ်များတွင် ရာထူးအကြီးဆုံး ဗိုလ်မှူးကြီးအဆင့်များသာပါဝင်ပြီး မွန်ပြည်နယ်လွှတ်တော်တစ်ခုတည်းတွင် ဗိုလ်မှူးချုပ်တစ်ဦး ပါ ဝင်လာပြီးနောက် အောင်ကြည်သိန်းပြုတ်တော့မည်ဆိုသည့်သတင်း ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။
“တခြားတိုင်းနဲ့ပြည်နယ်လွှတ်တော်တွေကို ပေးပို့တဲ့ အစိတ်သား(စစ်တပ်အမတ်)စာရင်းတွေမှာ ဗိုလ် မှူးကြီး ၂ယောက်က ဦးဆောင်ပါဝင်တယ်။မွန်ပြည်နယ်တစ်ခုတည်းပဲ ဗိုလ်မှူးချုပ်တစ်ယောက်နဲ့ ဗိုလ်မှူးကြီး၂ယောက် ဦးဆောင်ပါဝင်တာ တွေ့ရတယ်။အဲစာရင်းထွက်လာပြီးတော့ သူတို့ကြံ့ဖွံ့အ သိုင်းအဝိုင်းကြားကနေ ထွက်လာတဲ့သတင်းက အောင်ကြည်သိန်း ဝန်ကြီးချုပ်ပြုတ်ပြီဆိုတာပဲ”ဟု ဒေသတွင်းပါတီများနှင့် နီးစပ်သည့် မော်လမြိုင်မြို့ခံတစ်ဦးက MPAသို့ပြောသည်။
ယခင် စစ်တပ်ခန့်အပ်ထားမှု ပုံစံအရ တိုင်းနှင့်ပြည်နယ်လွှတ်တော်များထဲသို့ ပေးပို့လိုက်သော စစ်တပ်အမတ် ဗိုလ်မှူကြီး၂ဦးအနက် တစ်ဦးမှာ တိုင်းနှင့်ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ် စပ်ရေးရာ ဝန်ကြီးရာထူးရမည်ဖြစ်ပြီး ကျန်တစ်ဦးမှာ လွှတ်တော်တွင်းရှိ စစ်တပ်အမတ်ခေါင်းဆောင် ဖြစ်လာမည်ဟု ၎င်းက ဆိုသည်။
“အခု မွန်ပြည်နယ်မှာဆိုရင် ဗိုလ်မှူးကြီး၂ယောက်တင်မကဘူး။ဗိုလ်မှူးချုပ်တစ်ဦး ပါလာတော့ ပါ လာတဲ့ ဗိုလ်မှူးချုပ်အောင်ဝင်းသန်းက မွန်ပြည်နယ်ဝန်ကြီးချုပ်ဖြစ်မယ်။ ကျန်တဲ့ဗိုလ်မှူးကြီး၂ ယောက်ထဲက ဗိုလ်မှူးကြီးကျော်စွာမြင့်က လက်ရှိလည်း မွန်ပြည်နယ်လုံနယ်ဝန်ကြီး(လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး)ဆိုတော့ လာမယ့်မွန်ပြည်နယ်အစိုးရအဖွဲ့မှာ လုံနယ်ဝန်ကြီး ဆက်ဖြစ်မယ်။ နောက်ဗိုလ်မှူးကြီးတစ်ယောက် လွှတ်တော်ထဲမှာ စစ်တပ်အမတ်ခေါင်းဆောင်ဖြစ်မယ်။အဲဒီလို ခန့် မှန်းကြတယ်။မှန်ဖို့ရာခိုင်နှုန်းများတယ်”ဟု ၎င်းက ဆက်လက်ပြောသည်။
၂၀၁၁ ခုနှစ် ကြံ့ဖွံ့အစိုးရလက်ထက်တွင် ရခိုင်ပြည်နယ်၌ စစ်တပ်အမတ် မောင်မောင်အုန်းကို ရခိုင် ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခဲ့ဖူးကြောင်း သိရသည်။
လက်ရှိ မွန်ဝန်ကြီးချုပ်အောင်ကြည်သိန်းသည် မွန်ပြည်နယ်ကို လောင်းကစားဇာတ်သွင်းခဲ့ခြင်းနှင့် ၂၀၂၅တရားမဝင်ရွေးကောက်ပွဲ၌ မွန်ပြည်နယ်အတွင်း ကြံ့ဖွံ့အပြတ်အသတ်အနိုင်မရခဲ့ခြင်း၊စသည့် အားနည်းချက်များရှိနေသည့်အပြင် နေပြည်တော်သို့ ၎င်းနှင့် ပတ်သက်၍ တိုင်စာများစွာ ရောက်ရှိနေကြောင်းလည်း သိရသည်။
“အောင်ကြည်သိန်းက ၂၀၁၅ကျမှ ကြံ့ဖွံ့ထဲ ရောက်လာတာ။သူက မွန်ပြည်နယ်ကြံ့ဖွံ့ဥက္ကဌဖြစ်ပြီး နောက်ပိုင်း အရင် ကြံ့ဖွံ့အသင်းကတည်းက ပါလာတဲ့ ခရိုင်နဲ့ ပြည်နယ်အဆင့် ကြံ့ဖွံ့လူဟောင်းတွေ ကို ဖြုတ်တာတွေဘာတွေ လုပ်တယ်။သူ့ဩဇာမခံတဲ့သူတွေကိုပေါ့။အခု၂၀၂၅မှာလည်း ပါတီလူ ဟောင်းတွေကို ပြည်သူ့နဲ့ အမျိုးသားလွှတ်တော် နေပြည်တော်ကို ပို့တယ်။လူဟောင်းတွေထဲက ပါ တီဗဟိုနဲ့ စစ်ကောင်စီထိ ပေါက်ရောက်သူတွေက အောင်ကြည်သိန်း မွန်ပြည်နယ်ကို ဖျက်ဆီးနေတဲ့ အကြောင်း ပါတီဥက္ကဌခင်ရီနဲ့ မင်းအောင်လှိုင်ဆီ တိုင်စာတွေ တော်တော်ပို့တယ်လို့ ကြားရတယ်”ဟု ၎င်းက ဆက်လက်ပြောသည်။
ထို့အပြင် အောင်ကြည်သိန်းက ၎င်းဆီသို့ ဦးတိုက် လိုင်းကြေးမတင်သည့် ဒေသခံစီးပွားရေးလုပ်ငန်း ရှင်ကြီးများကို ပြဿနာရှာခဲ့ပြီး ပြဿနာရှာခံရသည့် လုပ်ငန်းရှင်အချို့မှာ သန်းရွှေလက်ထက်က တည်းက စစ်ဗိုလ်ချုပ်အသိုင်းအဝိုင်းနှင့် နီးစပ်ခဲ့သူများဖြစ်၍ ၎င်းတို့ကလည်း အောင်ကြည်သိန်းနှင့် ပတ်သက်၍ မင်းအောင်လှိုင်ထံ တိုင်စာများ ပေးပို့ခဲ့ကြောင်း သတင်းထွက်ပေါ်ခဲ့သည်။
မွန်ပြည်နယ် တရားမဝင်ရွေးကောက်ပွဲတွင် အချိုးကျကိုယ်စား ပြုခွင့်ရ နေရာများပါ ထည့်ပေါင်းလျှင် ကြံ့ဖွံ့က ၂၁ နေရာနှင့် မွန်ညီညွတ်ရေးပါတီက ၁၇နေရာဖြင့် ဒုတိယအများဆုံး အနိုင်ရရှိခဲ့သည်။
မွန်ပြည်နယ်ကြံ့ဖွံ့ပါတီဥက္ကဌလည်းဖြစ်သူ အောင်ကြည်သိန်းသည် ချောင်းဆုံမြို့နယ် ပြည် နယ်လွှတ်တော်(မဲအများဆုံးရသူ အနိုင်ယူစနစ်-FPTP)က ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ပွင့်လင်းမြင်သာ မှုမရှိသည့် သံသယဖြစ်ဖွယ် ကြိုတင်မဲဖြင့် အနိုင်ရခဲ့သည်။အောင်ကြည်သိန်း၏ အနိုင်ရလဒ်ကို ဒေသ ခံများက သံသယရှိကြသော်လည်း မွန်ညီညွတ်ရေးပါတီက အောင်ကြည်သိန်းအား ကြောက်သဖြင့် မကန့်ကွက်ရဲခဲ့ပေ။
