ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်ရှိ ရွှေပေါက်ကံနယ်မြေရဲစခန်းမှ ကင်းလှည့်ရန် ထွက်ခွာလာသော ရဲတပ်ဖွဲ့ဝင်များသည် ရဲစခန်းရှေ့၌ပင် မိုင်းခွဲတိုက်ခိုက်ခံခဲ့ရကြောင်း သိရှိရသည်။
ယမန်နေ့( ဖေဖော်ဝါရီ ၁၁ ရက်)၊ ည ၁၁ နာရီ ၄၃ မိနစ်ဝန်းကျင်တွင် အဆိုပါရဲစခန်းမှ အိမ်စီးကားတစ်စီးနှင့် ဆိုင်ကယ်နှစ်စီးဖြင့် ထွက်ခွာလာစဉ် ရဲစခန်းရှေ့တည့်တည့်၌ပင် ရှေ့ထွက်မိုင်းတစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း Yangon Army (YA) က သတင်းထုတ်ပြန်ထားသည်။ ယင်းတိုက်ခိုက်မှုကို Yangon Army (YA) နှင့် ရန်ကုန်တိုင်း ပကဖ အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ (၇) တို့က ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။
Yangon Army မှ တာဝန်ရှိသူတစ်ဦးက “အိမ်စီးကားနဲ့ ဆိုင်ကယ်တွေနဲ့ ထွက်လာတာပါ။ ဆိုင်ကယ်က နှစ်စီး၊ တစ်စီးကို နှစ်ယောက်စီ ပါပါတယ်။ ရှေ့ထွက်မိုင်းနဲ့ အဝင်အထွက်မှာ တိုက်ခိုက်တာဆိုတော့ တော်တော်လေး အထိနာသွားပါတယ်။ ကားပေါ်မှာ အင်အားဘယ်လောက်ပါလဲ ဆိုတာတော့ အတည်မပြုနိုင်သေးပါဘူး” ဟု MPA သို့ ပြောကြားသည်။
အဆိုပါ ရဲတပ်ဖွဲ့ဝင်များသည် ညစဉ် အချိန်မှန် ကင်းလှည့်ထွက်လေ့ရှိသူများ ဖြစ်ကြောင်းလည်း သိရသည်။
တိုက်ခိုက်မှုအပြီးတွင် တော်လှန်ရေးအင်အားစုများက ချက်ချင်းပြန်လည် ဆုတ်ခွာခဲ့ကြသဖြင့် ရဲတပ်ဖွဲ့ဝင်များ၏ ထိခိုက်ကျဆုံးမှု အခြေအနေအသေးစိတ်ကိုမူ ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။
အလားတူ ဖေဖော်ဝါရီလ ၁၀ ရက် ည ၁၀ နာရီဝန်းကျင်တွင်လည်း မှော်ဘီမြို့မရဲစခန်းမှ လူဖမ်းဆီးရန် ထွက်ခွာလာသော ရဲနှင့် ပျူစောထီးများ လိုက်ပါလာသည့် အိမ်စီးကားတစ်စီးကို မြို့ပြကြွက်အဖွဲ့က ရဲစခန်းအနီး၌ပင် နာနတ်သီးလက်ပစ်ဗုံး ၂ လုံး၊ လက်လုပ်မိုင်း ၂ လုံးတို့ဖြင့် အချိန်ကိုက် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ယာဉ်ကို တိုက်ရိုက်ထိမှန်ခဲ့ကြောင်း သိရသည်။
