နိုင်ငံတော်ကာကွယ်ရေး ပြည်ပအမှီအခိုကင်းမဲ့စွာ ဖော်ဆောင်မည်ဟု တရုတ်နှင့် ရုရှားနိုင်ငံကို အားကိုးနေသည့် မင်းအောင်လှိုင်ပြောကြား

ဓာတ်ပုံ - လူမှုကွန်ရက်

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်သော (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ သဝဏ်လွှာ၌ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးအတွက် ပြည်ပအမှီအခိုကင်းစွာဖြင့် ပြည်တွင်းအင်အားစုများကို အခြေခံကာ ခေတ်မီပြည်သူ့ကာကွယ်ရေးစနစ်ကို တည်ဆောက်သွားမည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

သို့သော်လည်း လက်တွေ့မြေပြင်တွင် စစ်ကောင်စီသည် တော်လှန်ရေးအင်အားစုများ၏ ထိုးစစ်ဆင်မှုများကြောင့် နယ်မြေအများအပြား လက်လွှတ်နေရသလို၊ စစ်လက်နက်ပစ္စည်းနှင့် နည်းပညာပိုင်းတွင် တရုတ်နှင့် ရုရှားနိုင်ငံများကိုသာ အဓိကအားထားနေရသဖြင့် အဆိုပါပြောကြားချက်မှာ လက်တွေ့နှင့် များစွာကွာဟနေကြောင်း ဝေဖန်မှုများ ထွက်ပေါ်နေသည်။

သဝဏ်လွှာအတွင်း၌ နိုင်ငံတကာစွက်ဖက်မှုများ ကင်းရှင်းပြီး တိုင်းရင်းသားအချင်းချင်း နိုင်ငံရေးနည်းလမ်းအရ ဖြေရှင်းရမည်ဟု ဆိုထားသော်လည်း စစ်ကောင်စီသည် နိုင်ငံတကာမျက်နှာစာတွင် တရုတ်နှင့် ရုရှား၏ ဗီတိုအာဏာနှင့် အကာအကွယ်ကိုသာ အစဉ်တစိုက် ရယူနေခြင်းဖြစ်သည်။

“တကယ်တော့ မြေပြင်တိုက်ပွဲတွေမှာ အထိနာလာတိုင်း ရုရှားဆီကဝယ်ထားတဲ့ တိုက်လေယာဉ်တွေနဲ့ တရုတ်ရဲ့ စစ်နည်းပညာတွေကိုပဲ အားကိုးပြီး ပြန်တိုက်နေရတာပါ။ ဒါကိုကြည့်ရင် မင်းအောင်လှိုင်ပြောတဲ့ ပြည်ပအမှီအခိုကင်းတယ် ဆိုတဲ့စကားက ဘယ်လောက်တောင် ဟာသဖြစ်ဖို့ကောင်းလဲဆိုတာ ပေါ်လွင်နေပါတယ်။ ဒါဟာ စစ်ရေးအရ အကျပ်ရိုက်နေတာကို ဖုံးကွယ်ချင်လို့ မျိုးချစ်စိတ်ဓာတ်ကို ခုတုံးလုပ်ပြီး လူထုကို ဝါဒဖြန့် လိမ်ညာနေတာပဲ” ဟု တက်ကြွလှုပ်ရှားသူတစ်ဦးက မှတ်ချက်ပြုသည်။

ထို့ပြင် စစ်ခေါင်းဆောင်က တပ်မတော်တည်ရှိနေသရွေ့ ပြည်ထောင်စုကြီး တည်တံ့ခိုင်မြဲနေမည်ဖြစ်ပြီး ပြည်သူတစ်ရပ်လုံးက တပ်မတော်နှင့် တစ်သားတည်း ရပ်တည်ကြရန် တိုက်တွန်းထားပြန်သည်။

သို့သော်လည်း အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပေါ်လာသော ပြည်တွင်းစစ်မီးကြောင့် ဒေသခံပြည်သူများသည် အသက်အိုးအိမ်စည်းစိမ်များ ဆုံးရှုံးနေရသလို စစ်ကောင်စီ၏ အဓိကမိတ်ဖက်ဖြစ်သော ပြည်ပနိုင်ငံများ၏ ပါဝင်ပတ်သက်မှုများကြောင့် နိုင်ငံ၏ အချုပ်အခြာအာဏာမှာ ပိုမိုအားနည်းလာကြောင်း ထောက်ပြမှုများ ရှိနေသည်။

“ကမ္ဘာ့နိုင်ငံအတော်များများနဲ့ အဆက်အသွယ် ပြတ်နေတဲ့အချိန်မှာ အင်အားကြီးနိုင်ငံတချို့ကိုပဲ အတင်းကပ်တွယ်နေရတဲ့ ဒီအခြေအနေက မင်းအောင်လှိုင်က ပြည်ပအမှီအခိုမရှိဘဲ ရပ်တည်မယ်ဆိုတာ ဟာသပြေတာပဲ၊ နိုင်ငံတစ်နိုင်ငံက ကမ္ဘာကြီးနဲ့ အဆက်အသွယ် မပြတ်မှ တိုးတက်တာ၊ အဘက်ဘက်က ပိတ်ခံထားရတဲ့ စစ်တပ်က အခုလိုထုတ်ပြောတာက နေဝင်းခေတ်ကို ပြန်အသက်သွင်းမယ့်ပုံပဲ” ဟု နိုင်ငံရေးလေ့လာသူတစ်ဦးက သုံးသပ်သည်။

စစ်ခေါင်းဆောင်၏ သဝဏ်လွှာပါ ငြိမ်းချမ်းရေးအတွက် NCA လမ်းကြောင်းကို လိုက်နာရန်နှင့် ပြည်ပစွက်ဖက်မှုကင်းရန် ပြောဆိုချက်များသည် နိုင်ငံတကာ၏ ဖိအားများကို ရှောင်လွှဲရန် ကြိုးစားသော ဗျူဟာတစ်ခုလည်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“စစ်ကောင်စီဟာ သူတို့ရဲ့ အာဏာကို တရားဝင်ဖြစ်အောင် အိမ်နီးချင်းနိုင်ငံတွေနဲ့ အင်အားကြီးနိုင်ငံတွေဆီက အကူအညီတွေကို နည်းမျိုးစုံနဲ့ တောင်းခံနေရတာပါ။ ဒါကြောင့် နိုင်ငံတော်ကာကွယ်ရေးကို ပြည်ပအားမကိုးဘဲ လုပ်မယ် ဆိုတဲ့ စကားက လက်တွေ့မှာတော့ ရုရှားနဲ့ တရုတ်ဆီက စစ်ရေး၊ နိုင်ငံရေး အထောက်အပံ့တွေကို အကာအကွယ်ယူပြီးမှသာ လေလုံးထွားရဲတာလို့ပဲ ပြောရမှာပါပဲ။” ဟု နိုင်ငံရေး သိပ္ပံလေ့လာသူ လူငယ်တစ်ဦးက ထောက်ပြသည်။

စစ်ခေါင်းဆောင်၏ သဝဏ်လွှာပါ အချက်အလက်များသည် မြေပြင်က ပကတိအခြေအနေများကို ဖုံးကွယ်ပြီး ပြည်သူများကို မျက်စိလည်အောင် လုပ်ဆောင်သည့် ဝါဒဖြန့်မှုတစ်ခုသာ ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ပြည်ပအမှီအခိုကင်းရန် ပြောဆိုနေသော်လည်း လက်တွေ့တွင်မူ ရုရှားနှင့် တရုတ်၏ အကျိုးစီးပွားများကို ကာကွယ်ပေးရင်း ရှင်သန်နေရသည့် စစ်ကောင်စီ၏ အခြေအနေမှာ လွတ်လပ်သော အချုပ်အခြာအာဏာနှင့် အလှမ်းဝေးနေဆဲ ဖြစ်ကြောင်း ပြည်သူများက ထောက်ပြသည်။

ဤသဝဏ်လွှာသည် စစ်ရှုံးနေသော စစ်ကောင်စီအတွက် စိတ်ဓာတ်မြှင့်တင်ရေး ပြုလုပ်ခြင်းဖြစ်သလို ၎င်းတို့၏ ကျရှုံးမှုများကို ဖုံးကွယ်ရန် ကြိုးစားသည့် နိုင်ငံရေးဟန်ပြလုပ်ရပ်သာ ဖြစ်ကြောင်း နိုင်ငံရေးလေ့လာသူများက ဆိုသည်။