ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ရွေးကောက်ပွဲကို ဖေဖော်ဝါရီ ၁၂ ရက်တွင် ကျင်းပလျက်ရှိရာ ယခုရွေးကောက်ပွဲသည် အသက် ၃၀ အောက် Gen Z လူငယ်များ ဦးဆောင်သည့် တော်လှန်ရေးအပြီး ကမ္ဘာပေါ်တွင် ပထမဆုံးကျင်းပသည့် ရွေးကောက်ပွဲဖြစ်ပြီး၊ လာမည့်လတွင် နီပေါနိုင်ငံ၌လည်း အလားတူ ရွေးကောက်ပွဲမျိုးကို ကျင်းပမည်ဖြစ်သည်။
နိုင်ငံ၏ အာဏာကို ကာလရှည်ကြာ ရယူခဲ့သည့် ဝန်ကြီးချုပ် ရှိတ်ဟာဆီနာကို ၂၀၂၄ ခုနှစ်တွင် Gen Z လူငယ်များ ဦးဆောင်သည့် အုံကြွမှုဖြင့် ဖြုတ်ချခဲ့ပြီးနောက် ကျင်းပသည့် ရွေးကောက်ပွဲလည်းဖြစ်သည်။
လူဦးရေ ၁၇၅ သန်းရှိသော ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဟာဆီနာကို ဆန့်ကျင်သည့် သွေးထွက်သံယို ဆန္ဒပြပွဲများကြောင့် လပေါင်းများစွာ မငြိမ်မသက်ဖြစ်ခဲ့ပြီး ကမ္ဘာ့ဒုတိယအကြီးဆုံး အထည်ချုပ်ကဏ္ဍ အပါအဝင် အဓိကလုပ်ငန်းများ ထိခိုက်ခဲ့ရသဖြင့် အစိုးရအဖွဲ့ အာဏာတည်မြဲရေးအတွက် ပြတ်သားသော ရွေးကောက်ပွဲရလဒ် ထွက်ပေါ်ရန် လိုအပ်ကြောင်း လေ့လာသူများက သုံးသပ်ကြသည်။
ယခုရွေးကောက်ပွဲတွင် မဟာမိတ်ဟောင်းများဖြစ်သည့် ဘင်္ဂလားဒေ့ရှ် အမျိုးသားဝါဒီပါတီ (BNP) နှင့် အစ္စလာမ္မစ် ဂျာမတ်အီအစ္စလာမ်မီ (Jamaat-e-Islami) တို့ ဦးဆောင်သော မဟာမိတ်အုပ်စုနှစ်ခု ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး လူထုစစ်တမ်းများအရ BNP ပါတီက အသာစီးရနေသည်။
ဟာဆီနာ၏ အာဝါမီလိဂ် (Awami League) ပါတီမှာ ပိတ်ပင်ခံထားရပြီး၊ သူမကိုယ်တိုင်လည်း ကာလရှည်မဟာမိတ်ဖြစ်သည့် အိန္ဒိယနိုင်ငံတွင် ပြည်ပတိမ်းရှောင်နေရသည်။
အတိုက်အခံများက သပိတ်မှောက်ခြင်းနှင့် ခြိမ်းခြောက်မှုများ ရှိခဲ့သည့် ယခင်ရွေးကောက်ပွဲများနှင့်မတူဘဲ ယခုအကြိမ်တွင် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ၂,၀၀၀ ကျော်သည် အောက်လွှတ်တော် (Jatiya Sangsad) ရှိ အမတ်နေရာ ၃၀၀ အတွက် ယှဉ်ပြိုင်နေကြသည်။
ကိုယ်စားလှယ်လောင်းတစ်ဦး သေဆုံးမှုကြောင့် မဲဆန္ဒနယ်တစ်ခုတွင် မဲပေးမှုကို ရွှေ့ဆိုင်းထားသည်။
ရွေးကောက်ပွဲနေ့တွင် လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် ရဲတပ်ဖွဲ့ဝင် ၂ သိန်းနီးပါးအား ကူညီရန် စစ်တပ်က တပ်ဖွဲ့ဝင် ၁ သိန်းကျော်ကို ဖြန့်ကြက်ထားမည်ဖြစ်သည်။
မဲပေးမှုကို နံနက် ၇ နာရီခွဲတွင် စတင်ပြီး ညနေ ၄ နာရီခွဲတွင် ပိတ်သိမ်းမည်ဖြစ်သည်။ မဲပိတ်ပြီးသည်နှင့် ချက်ချင်း ရေတွက်မည်ဖြစ်ရာ သန်းခေါင်ယံအချိန်တွင် အကြမ်းဖျင်းအခြေအနေများကို သိရှိနိုင်ပြီး သောကြာနေ့ နံနက်တွင် ရလဒ်ကို ရှင်းလင်းစွာ သိရှိနိုင်မည်ဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူများက ပြောကြားသည်။
မဲပေးရန် မှတ်ပုံတင်ထားသူ ၁၂၈ သန်းနီးပါးရှိပြီး ၎င်းတို့အနက် ၄၉ ရာခိုင်နှုန်းမှာ အမျိုးသမီးများ ဖြစ်သည်။ သို့သော် အမျိုးသမီးကိုယ်စားလှယ်လောင်း ၈၃ ဦးသာ ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိသည်။
မကြာသေးမီက ပြုလုပ်ခဲ့သော စစ်တမ်းတစ်ခုအရ အဂတိလိုက်စားမှုနှင့် ကုန်ဈေးနှုန်းကြီးမြင့်မှုတို့မှာ မဲဆန္ဒရှင်များအကြား အကြီးမားဆုံး ပြဿနာများ ဖြစ်နေသည်ဟု သိရသည်။
ဝန်ကြီးချုပ်လောင်း နှစ်ဦးမှာ BNP ပါတီမှ တာရစ် ရာမန်နှင့် ဂျာမတ်ပါတီ အကြီးအကဲ ရှာဖီကူ ရာမန် တို့ ဖြစ်ကြသည်။
