ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ မရှီကထောင်ရပ်ကွက်တွင် မိုင်းထိကာ အမျိုးသားတစ်ဦးသေဆုံး၍ အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖေဖော်ဝါရီ ၁၁ရက်၊ နံနက် ၅ နာရီခန့်က ဖားကန့်မြို့၊ မရှီကထောင်ရပ်ကွက်၊ ရွှေမြန်မာဆီဆိုင်လမ်းကြားတွင် ထောင်ထားသည့် မိုင်း နင်းမိခြင်းဖြစ်ကြောင်း သိရသည်။
” ဘယ်အဖွဲ့ကထောင်လဲဆိုတာတော့ ကိုယ်တိုင် မျက်မြင်မတွေ့လို့ ပြောဖို့ခက်တယ်။ ဒါပေမဲ့၊ တော်လှန်ရေးဘက်ခြမ်းကတော့ မိုင်းသတိပေးထားတာရှိတယ်။ လွန်ခဲ့တဲ့တစ်ပတ်လောက်ကတည်းက စစ်တပ်က လမ်းကြိုလမ်းကြားတွေမှာ မိုင်းထောင်တယ်ဆိုတဲ့ သတင်းတွေလည်း ပြန့်နေတယ်။ အမျိုးသားတစ်ဦးသေဆုံးပြီး သူ့နောက်မှာ ပါလာတဲ့ အမျိုးသမီးက ဒဏ်ရာရတယ်။ ဆေးရုံတင်ထားရတယ်။ ကြိုးမိုင်း၊ နင်းမိုင်း အကုန်ထောင်ကြတာ။ ဘာနဲ့ထိလဲ အတိအကျတော့ မပြောတတ်ဘူးဗျ ” ဟု ဖားကန့်မြို့စစ်ရေးသတင်းရင်းမြစ်က MPA ကို ပြောသည်။
ထို့နောက် မွန်းလွဲ ၂နာရီခန့်တွင် ဆန်းကြွယ်ရွာ ဘုရားကုန်းပေါ်၌ အထိုင်ချထားသည့် စစ်တပ်က လက်နက်ကြီးပစ်ခတ်ခဲ့ရာ ယင်းရွာလယ်သို့ ကျရောက်ပြီး အဝတ်လျှော်နေသည့် အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
” ဆန်းကြွယ်ရွာဆိုတာက အရင်တုန်းက KIA KPDF က ဂိတ်ထိုင်ထားတာ။ ဒါကို ၂၀၂၅ လောက် တုန်းက စစ်တပ်က စစ်ကြောင်းထိုး၊ တိုက်ပွဲဖြစ်ပြီး ပြန်ထိုင်တာ။ ရွာရဲ့ အမြင့်ဆုံးတောင်ဖြစ်တဲ့ ဘုရားကုန်းပေါ်မှာ သူတို့ရှိတယ်။ ရွာထဲမှာတော့ ဖြတ်သန်းသွားလာလို့ရပါတယ်။ ခုကလည်း ရွာထဲမှာ PDF တွေရှိတယ်ထင်ပြီး ပစ်လိုက်တဲ့သဘောမှာ ပြည်သူထိတာပါ” ဟု ၎င်းက ဆက်လက်ပြောသည်။
ဇန်နဝါရီ ၃၀ ရက်မှ စ၍ စစ်တပ်က စစ်ကြောင်းထိုးလာရာမှ ဖြစ်ပွားခဲ့သော ဖားကန့်မြို့ရှိ တိုက်ပွဲများသည် ဖေဖော်ဝါရီ ၁၁ရက် ညပိုင်းအထိ ဆက်လက်ဖြစ်ပွားနေပြီး စစ်တပ်က ရှေ့ မတိုးနိုင်ဘဲ မြို့နှင့် ကပ်လျက်၌ တိုက်ပွဲဖြစ်ပွားနေကြောင်း သိရသည်။
ဖားကန့်မြို့နေပြည်သူများအနက် သက်ကြီးရွယ်အိုများ၊ ကလေးသူငယ်များသာ စစ်ဘေးတိမ်းရှောင်နေကြပြီး ကျန်ပြည်သူများမှာ မိမိတို့နေအိမ်ထဲရှိ ဗုံးခိုကျင်းများ၌ ပုန်းအောင်းနေကာ စစ်သားများနှင့် သူခိုးများ အိမ်ဖောက်ထွင်းမည့် အန္တရာယ်ကို ကာကွယ်နေကြကြောင်း သိရသည်။
ဇန်နဝါရီ ၂၄ရက်က ပိတ်ထားခဲ့သော ဖားကန့် မြို့မရပ်ကွက်နှင့် မရှီကထောင်ရပ်ကွက်ကို ချိတ်ဆက်ထားသည့် ဥရုရတနာ ကျောက်စိမ်းတောင် တံတားကို ဖေဖော်ဝါရီ ၇ရက်၊ နံနက် ၇ နာရီ မှ ၉နာရီအထိ နှစ်နာရီကြာ စစ်တပ်က ပြန်ဖွင့်ပေးခဲ့ပြီး မြို့နေ ပြည်သူများကို စစ်ရှောင်ခွင့်ပေးခဲ့သေးသည်။
