စစ်မှုထမ်းဟောင်းတွေကို နယ်မြေလှုပ်ရှားစစ်ဆင်ရေးများတွင်ပါ အသုံးပြုနေကြောင်း မြန်မာ့စစ် ဘက်ရေးရာနှင့် လုံခြုံရေးဆိုင်ရာလေ့လာရေးအဖွဲ့ MDSI က သတင်းထုတ်ပြန်သည်။
NUG အစိုးရ အမှတ်တစ် စစ်ဒေသက ဖော်ဆောင်ခဲ့သည့် စစ်ကိုင်းတိုင်းအထက်ပါ၊ကန့်ဘလူမြို့နယ် စစ်ဆင်ရေးများအတွင်း ဖမ်းဆီးမိခဲ့သော စစ်အုပ်စုဝင်များထဲတွင် စစ်မှုထမ်းဟောင်းတပ်ရင်းမှ တပ်ဖွဲ့ဝင်များ ပါဝင်နေကြောင်း MDSI က ဆိုသည်။
“ကျနော်တို့သိထားတာကတော့ စစ်မှုထမ်းဟောင်းတွေကို နောက်တန်း ဂိတ်စောင့် မြို့ရွာလုံခြုံရေး တွေဘာတွေလောက် သုံးနေတယ်ဆိုတာမျိုးပေါ့။စစ်မှုထမ်းဟောင်းတွေက သက်ကြီးတွေလည်း များတာကိုး။ ဒါပေမဲ့၊လိုအပ်လာရင် ဘယ်သူ့ကိုမဆို အသေခံခိုင်းတာကတော့ စစ်တပ်ရဲ့ ထုံးစံပဲ”ဟု နယ်စပ်ဒေသအခြေစိုက် CDMအရာရှိတစ်ဦးက MPAသို့ပြောသည်။
၁၀၂၇ စစ်ဆင်ရေး နောက်ပိုင်း စစ်ဆင်ရေးအင်အား တိုးမြှင့်ထုတ်နှုတ်ရချိန်တွင် နောက်တန်းတပ် ဌာနချုပ်များနှင့် မြို့ရွာဒေသလုံခြုံရေးအတွက် စစ်မှုထမ်းဟောင်းအင်အားများကိုပါ ဖြည့်တင်းအသုံး ပြုနိုင်ရန် ကြိုးပမ်းခဲ့ခြင်းဖြစ်ပြီး စစ်မှုထမ်းဟောင်းတပ်ရင်းများကို တိုင်းစစ်ဌာနချုပ်အလိုက် နောက် ချန်တပ်ရင်းများတွင် တွဲဖက်ဖွဲ့စည်းထားကြောင်း MDSI က ဆိုသည်။
စစ်မှုထမ်းဟောင်းများကို ယခင်က ပြည်သူ့စစ်များနှင့်တွဲဖက်ကာ အရေးမကြီးသော ဂိတ်သေးများ၌ တာဝန်ပေးခဲ့ပြီး ၂၀၂၄ နှစ်ကုန်ပိုင်း၌ ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ဝင်များ ထွက် ပေါ်လာပြီးနောက် ပြည်သူ့လုံခြုံရေးအဖွဲ့ဝင်များနှင့် စစ်မှုထမ်းဟောင်းတို့ကို တွဲ၍ တွေ့ရကြောင်း ပါတီများနှင့် နီးစပ်သော မော်လမြိုင်မြို့ခံတစ်ဦးက ပြောသည်။
“ကျနော်တို့မွန်ဘက်မှာတော့ စစ်မှုထမ်းဟောင်းတွေ ရှေ့တန်းထွက်ရတာမျိုးတော့ မကြားမိသေး ဘူး။ ကျနော်တို့ မုဒုံတို့ သံဖြူဇရပ်တို့ဘက် သွားရင် ဂိတ်အသေးလေးတွေမှာ သက်ကြီးပိုင်းတွေက စစ်မှုထမ်းဟောင်းတွေ။သူတို့နဲ့ တွဲတွေ့ရတာ အရင်က ပြည်သူ့စစ်။အခုနောက်ပိုင်း ပြည်သူ့လုံခြုံ ရေး သက်လတ်ပိုင်းတွေ”ဟု ၎င်းက ပြောသည်။
ကားလမ်းမကြီးများပေါ်ရှိ ဂိတ်ကြီးများကိုမူ စစ်သားများက ဦးဆောင်ပြီး စစ်မှုထမ်းဟောင်းများ လည်းရှိကြောင်း ၎င်းက ဆိုသည်။
“ကျနော်တို့ သထုံဘက်တစ်ကြောကတော့ စစ်မှုထမ်းဟောင်းတွေကို ဌာနဆိုင်ရာလုံခြုံရေးနဲ့ ဂိတ် စောင့် လမ်းကင်းတွေမှာ တွေ့ရတယ်”ဟု သထုံမြို့ပြအထူးပြောက်ကျားအဖွဲ့တာဝန်ခံ ရဲဘော်သုည က ပြောသည်။
စစ်တပ် အင်အားလိုအပ်ချက်ကို ကုစားဖြည့်တင်းနိုင်ရန်အတွက် အရန်တပ်ဖွဲ့ဥပဒေ ပြဌာန်းကာ ၂၀၂၄ ခုနှစ် ဧပြီမှစ၍ စစ်မှုထမ်းဟောင်းတပ်ရင်းများကို စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး စစ်မှုထမ်းဆောင်ရန် ခေါ်ယူထားသည့် အငြိမ်းစား အရာရှိ၊စစ်သည်များကို နောက်ဆုံးထမ်းဆောင်ခဲ့သော အဆင့်ရာထူးအလိုက် ပြန်လည်တာဝန်ပေးခန့်အပ် ဖွဲ့စည်းခဲ့ကြောင်း MDSI ကဆိုသည်။
၂၀၂၅ဒီဇင်ဘာမှ ၂၀၂၆ဖေဖေါ်ဝါရီလဆန်းပိုင်းအထိ ကန့်ဘလူခရိုင်အတွင်း တော်လှန်ရေးတပ်များ ဖော်ဆောင်သည့် စုပေါင်းစစ်ဆင်ရေးတွင် စစ်အုပ်စုဝင် ၉၆ဦးသေ၊၃၈ဦး ဒဏ်ရာရခဲ့ပြီး ၁၀၁ဦးအား ဖမ်းဆီးရမိခဲ့သည်။ထို့အပြင် လက်နက်မျိုးစုံ ၁၈၇လက်၊ ခဲယမ်းများနှင့် စစ်အသုံးအဆောင်များ သိမ်းဆည်းရမိခဲ့ကြောင်း အမှတ်တစ်စစ်ဒေသက ထုတ်ပြန်ထားသည်။
