မြစ်ကြီးနား‌လေဆိပ် ဗုံးကြဲခံရပြီးနောက် KIA က မြို့ကိုပါ တိုက်ခိုက်မည်ကို လော်ဘီများ စိုးရိမ်နေ

ဓာတ်ပုံ-လူမှုကွန်ရက်
ပုံစာ-မြစ်ကြီးနား လေဆိပ် တိုက်ခိုက်ခံခဲ့ရမှုနှင့် KIA ရဲဘော်များ

ကချင်ပြည်နယ်၏ မြို့တော် မြစ်ကြီးနားလေဆိပ် ဗုံးကြဲခံရပြီးနောက် မြို့ကိုပါ KIA ပူးပေါင်းတပ်များက တိုက်ခိုက်လာမည်ကို စစ်တပ်လော်ဘီများ စိုးရိမ်လျက်ရှိနေသည်။

စစ်ကော်မရှင်ထောက်ခံသူများ၏ အဆိုအရ ယခုကဲ့သို့ ဒရုန်းဖြင့် ရှေ့ပြေးတိုက်ခိုက်ခြင်းမှာ မြို့သိမ်းတိုက်ပွဲကြီး မစတင်မီ ဗျူဟာကျကျ လမ်းကြောင်းကြည့်ခြင်းဖြစ်သည်ဟု ၎င်းတို့က တယ်လီဂရမ်ချန်နယ်များ၌ ရေးသားထားသည်။

ထို့ပြင် KIA အနေဖြင့် ဗန်းမော်မြို့ကို အပြင်းအထန် တိုက်ခိုက်နေခြင်းမှာ ဟန်ပြစစ်ကစားခြင်းသာဖြစ်ပြီး စစ်ကော်မရှင်တပ်များအား အာရုံပြောင်းစေကာ မြစ်ကြီးနားမြို့ကို အဓိကထား တိုက်ခိုက်ရန် ကြိုးပမ်းနေခြင်းဖြစ်သည်ဟုလည်း လော်ဘီများက သုံးသပ်ထားကြသည်။

“လေဆိပ်တိုက်ခံရပြီးတော့ မြို့ပေါ်မှာ စစ်တပ်က လုံခြုံရေးတင်းကျပ်လိုက်တယ်။ မြစ်ကြီးနားလေယာဉ်ကွင်းက နေ့စဉ် တိုက်လေယာဉ်တွေ ဆင်းသက်နေတာ၊ တိုက်ပွဲတွေက မြို့ပေါ်ထိ ကူးလာမှာကိုတော့ စိုးရိမ်တယ်။ မြို့မှာက စစ်တပ်က အင်အား တိုးချထားပေမယ့် ခိုးမှုတွေက မလျော့သွားဘူး” ဟု မြစ်ကြီးနား မြို့ခံတစ်ဦးက ပြောသည်။

စစ်ရေးလေ့လာသူများကမူ မြစ်ကြီးနားလေဆိပ်ကို အသေခံဒရုန်းဖြင့် တိုက်ခိုက်ခြင်းမှာ စစ်ကော်မရှင်၏ အဓိကအသက်သွေးကြောဖြစ်သော လေကြောင်းပံ့ပိုးမှုကွန်ရက်ကို ဖြတ်တောက်ရန် ကြိုးစားခြင်းဖြစ်သည်ဟု ရှုမြင်ကြသည်။

“KIA ရဲ့ ပုံစံက စစ်ကော်မရှင်ရဲ့ ထောက်ပို့လမ်းကြောင်းတွေကို အရင်ဆုံး ဖြတ်တောက်တတ်တာပါ။ အခု မြစ်ကြီးနားလေဆိပ်ကို KIA က ခြိမ်းခြောက်လာနိုင်ပြီဆိုတာဟာ မြို့သိမ်းတိုက်ပွဲအတွက် လမ်းခင်းနေတာ ဖြစ်နိုင်ပါတယ်” ဟု စစ်ရေးလေ့လာသူ တစ်ဦးက သုံးသပ်သည်။

တစ်ဖက်တွင်လည်း ဗန်းမော်၊ ဝိုင်းမော်၊ ဖားကန့်နှင့် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသတို့တွင် KIA ပူးပေါင်းတပ်နှင့် စစ်ကော်မရှင်တပ်များအကြား တိုက်ပွဲများ ပြင်းထန်စွာ ဆက်လက်ဖြစ်ပွားနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။

ဗန်းမော်မြို့တွင်း၌ တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားနေပြီး စစ်ကော်မရှင်ဘက်က လေယာဉ်ဖြင့် ဗုံးကြဲခြင်း၊ ဒရုန်းဖြင့် တိုက်ခိုက်ခြင်းများကို အပြင်းအထန် လုပ်ဆောင်နေရသည်။

ဝိုင်းမော်မြို့နယ်ဘက်တွင်လည်း စစ်ကော်မရှင်နှင့် ပြည်သူ့စစ်တပ်ဖွဲ့များ၏ စစ်ရေးလှုပ်ရှားမှုများကြောင့် တိုက်ပွဲများ မကြာခဏဖြစ်ပွားနေကာ KIA ဘက်မှ စစ်ကော်မရှင်၏ ခလရ (၅၈) တပ်ရင်း ကာကင်းစခန်း ၄ ခုထက်မနည်းကို သိမ်းပိုက်ရရှိထားကြောင်း မြေပြင်သတင်းများအရ သိရသည်။

အဆိုပါတိုက်ပွဲများအတွင်း စစ်ကော်မရှင်တပ်ဖွဲ့ဝင်အချို့ကို ဖမ်းဆီးရမိပြီး လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိခဲ့ကာ ဖမ်းမိစစ်သုံ့ပမ်းများအပေါ် လူသားဆန်စွာ ဆက်ဆံနေသည့် ရုပ်သံဖိုင်များလည်း လူမှုကွန်ရက်တွင် ပျံ့နှံ့လျက်ရှိသည်။

ဖားကန့်မြို့နယ်နှင့် အင်းတော်ကြီးဒေသတို့တွင်လည်း စစ်ကော်မရှင်နှင့် SNA ပူးပေါင်းတပ်များ၏ ထိုးစစ်ကြောင့် စစ်ရေးတင်းမာနေဆဲဖြစ်သည်။ KIA သည် ဖေဖော်ဝါရီလအတွင်း ဝိုင်းမော်ရှိ စစ်ကော်မရှင် အထိုင်စခန်းများကို ထိုးစစ်ဆင်နေသဖြင့် စစ်ကော်မရှင်ဘက်က လေကြောင်းနှင့် လက်နက်ကြီးပစ်ကူများ တောက်လျှောက်အသုံးပြုနေရသည့် အခြေအနေဖြစ်သည်ဟု KIA က အသိပေးထားသည်။

KIA ၏ စစ်ရေးပြင်ဆင်မှုများသည် ဗျူဟာကျကျနှင့် မြို့အသီးသီးကို တစ်ပြိုင်နက် သိမ်းပိုက်နိုင်ရန် ဦးတည်နေခြင်းဖြစ်ပြီး ၂၀၂၆ ခုနှစ်အတွင်း မြစ်ကြီးနားမြို့အပါအဝင် ကချင်ပြည်နယ်၏ စစ်ရေးအရှိန်အဟုန်မှာ စစ်ကော်မရှင်အတွက် အထူးပင် စိုးရိမ်ဖွယ်ရာ အဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း နိုင်ငံရေးလေ့လာသူများက သုံးသပ်သည်။