ပြည်ထောင်စုနေ့ညအချိန်တွင် မြောက်ဦးနှင့် ကျောက်တော်ကို စစ်တပ် ဗုံးကြဲပြန်၊ လသားအရွယ် ကလေးအပါအဝင် လေးဦးသေဆုံး

ဓာတ်ပုံ - Arakkha Health Department
ပုံစာ - ဒီဇင်ဘာ ၁၀ရက်က မြောက်ဦးမြို့ဆေးရုံ မီးလောင်နေစဉ်

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နှင့် ကျောက်တော်မြို့တို့ကို စစ်ကော်မရှင်က ဗုံးကြဲတိုက်ခိုက်ခဲ့ရာ လသားအရွယ် ကလေးငယ်တစ်ဦး အပါအဝင် ပြည်သူ ၄ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီ ၁၂ ရက် (ပြည်ထောင်စုနေ့) ည ၉ နာရီ ၁၅ မိနစ်က နေပြည်တော်လေတပ်နှင့် တံတားဦးလေတပ်မှ တက်လာသော ဂျက်ဖိုက်တာတစ်စီးစီဖြင့် မြောက်ဦးမြို့နှင့် ကျောက်တော်မြို့တို့ကို ဗုံးကြဲခဲ့ခြင်းဖြစ်ကြောင်း မြောက်ဦးမြို့ သတင်းရင်းမြစ်ထံမှ သိရသည်။

“ကျောက်တော်ကို အရင်ကြဲတာ။ ပိုက်သည်ရပ်ကွက် ဒုံးချောင်လမ်းထဲကို ကျတယ်။ ဗုံး ၂ လုံးလို့တော့ ကြားတယ်။ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦး ပွဲချင်းပြီး သေဆုံးတယ်။ နောက်ထပ် အမျိုးသမီးတစ်ဦးလည်း ထိခိုက်ဒဏ်ရာရတယ်။ နောက်ပြီး မြောက်ဦးကိုက ၉ နာရီ မိနစ် ၂၀ လောက်မှာ ကြဲတာ။ ဗုံး ၂ လုံးပဲ။ မြို့လယ်လောက်ကို သွားကြဲတာ။ ကြဲခံရတဲ့နေရာနားမှာ ဌာနဆိုင်ရာရုံးတွေရှိတယ်။ လသားအရွယ် ကလေးလေးနဲ့ သူ့အဘွား သေဆုံးတယ်။ နောက်ပြီး အမျိုးသမီးတစ်ဦးလည်း မျက်နှာထိတယ်ကြားတယ်။ ထိခိုက်သူတွေ ဒီထက်များနိုင်ပေမဲ့ သေချာမသိရသေးဘူး” ဟု ယင်းသတင်းရင်းမြစ်က MPA ကို ပြောသည်။

ယမန်နေ့ည မြောက်ဦးမြို့ ဗုံးကြဲခံရမှုဖြစ်စဉ်တွင် သေဆုံးသွားသည့် ကလေးငယ်မှာ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်တွင် ဖြစ်ပွားခဲ့သော မြောက်ဦးမြို့ ဆေးရုံဗုံးကြဲခံရမှုတွင် အသက်ရှင်လွတ်မြောက်ခဲ့သော ကလေးငယ်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“မြောက်ဦးဆေးရုံ ဗုံးကြဲခံရတဲ့ညက သူ့ကိုမွေးတာလေ။ အခုမှ ၂ လသားလောက် ရှိဦးမှာ။ ယောက်ျားလေးပါ။ ခေါင်းထိပြီး သေတယ်လို့ သိရတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ဖြစ်သည့် ဒီဇင်ဘာ ၁၀ ရက်က မြောက်ဦးမြို့ ဆေးရုံကို စစ်ကော်မရှင်က ပေါင် ၅၀၀ ဗုံးသီးတစ်လုံး ကြဲချတိုက်ခိုက်ခဲ့ရာ ပြည်သူ ၃၃ ဦး သေဆုံးခဲ့ပြီး ၃၆ ဦး ထိခိုက်ဒဏ်ရာရရှိကာ ဆေးရုံတစ်ရုံလုံးလည်း မီးလောင်ပျက်စီးခဲ့ရသည်။