တရုတ် အကျိုးစီးပွား ကာကွယ်ပြီး မြန်မာပြည်ကို နွံထဲနှစ်မည့် အကြံ စစ်ကော်မရှင် ဒုတိယခေါင်းဆောင် ထုတ်ပြောလာ

မနေ့က(ဖေဖော်ဝါရီ ၁၄) ကျင်းပပြုလုပ်ခဲ့သည့် တရုတ်နှစ်သစ်ကူးပွဲတော် အခမ်းအနားတွင် စစ်ကော်မရှင် ၏ ဒုတိယခေါင်းဆောင် စိုးဝင်းက တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများကို နည်းလမ်းမျိုးစုံဖြင့် ထပ်မံဖိတ်ခေါ်ခဲ့သည်။

မြန်မာနိုင်ငံ၏ ပထဝီဝင်အနေအထားအရ အချက်အချာကျမှုကို အသုံးချ၍ တရုတ်နိုင်ငံအတွက် အိန္ဒိယသမုဒ္ဒရာထွက်ပေါက် ဖန်တီးပေးမည်ဟု စိုးဝင်းက ကတိပေးမှုများပြုလုပ်ခဲ့ခြင်းဖြစ်သည်။

စစ်ကော်မရှင် အနေဖြင့် ကျောက်ဖြူရေနက်ဆိပ်ကမ်း၊ မြစ်ဆုံစီမံကိန်းနှင့် ကူမင်း-ကျောက်ဖြူ မီးရထားလမ်း စသည့် စီမံကိန်းကြီးများကို အကောင်အထည်ဖော်ရန် အလောတကြီး ပြောဆိုနေခြင်းမှာ မြန်မာ့မြေပေါ်တွင် တရုတ်နိုင်ငံ၏ ခြေကုပ်ကို ပိုမိုခိုင်မာစေမည်ဖြစ်သည်ဟု နိုင်ငံရေးလေ့လာသူများက သုံးသပ်သည်။

“ဒီလုပ်ရပ်ဟာ နိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ သယံဇာတတွေကို ကိုယ်ကျိုးအတွက် ရောင်းစားပြီး တိုင်းပြည်ကို နွံထဲထက်နှစ်ဖို့ ကြံစည်နေတဲ့ ယုတ်မာတဲ့ လုပ်ရပ်တစ်ခုလို့ပဲ မြင်ရမှာပါပဲ။”ဟု နိုင်ငံရေးလေ့လာသူ တစ်ဦးက ပြောသည်။

လက်ရှိမြေပြင်တွင် တိုက်ပွဲများ ပြင်းထန်နေပြီး စစ်ကော်မရှင် မှာ နယ်မြေအတော်များများကို လက်လွှတ်နေရသဖြင့် ယခုကဲ့သို့ တရုတ်နိုင်ငံကို စီးပွားရေးအရ ဖြားယောင်းခြင်းမှာ နိုင်ငံရေးအရ အသိအမှတ်ပြုမှု ရရှိရန် ကြိုးပမ်းခြင်းဖြစ်ကာ၊ ပြည်တွင်းစစ်ကြောင့် မတည်မငြိမ်ဖြစ်နေသည့် အခြေအနေတွင် အဆိုပါစီမံကိန်းများကို အတင်းအဓမ္မ အကောင်အထည်ဖော်ရန် ကြိုးစားခြင်းသည် ဒေသခံပြည်သူများအတွက် ဆိုးကျိုးများသာ သယ်ဆောင်လာမည်မှာ မြေကြီးလက်ခတ်မလွဲ ဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောသည်။

တက်ကြွလှုပ်ရှားသူတစ်ဦးက “ဒါဟာ ရှင်သန်ရေးအတွက် တိုင်းပြည်ကို ပေါင်နှံတာပါ။ မိမိတို့ ထိန်းချုပ်မှုကို လက်လွှတ်နေရတဲ့အချိန်မှာ တရုတ်ရဲ့ ကျောထောက်နောက်ခံကို ရဖို့အတွက် ပြည်သူပိုင် သယံဇာတတွေကို လာဘ်ထိုးနေတာ ဖြစ်တယ်” ဟု ပြောသည်။

စစ်ကော်မရှင် ဟာ ၎င်းတို့၏ အသက်ဆက်နိုင်ရေးအတွက် မြန်မာ့အနာဂတ်ကို တရုတ်၏ လက်ထဲသို့ ထိုးအပ်နေခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

သဘာ၀ပတ်ဝန်းကျင်အရေး တက်ကြွလှုပ်ရှားသူတစ်ဦးက “မြစ်ဆုံစီမံကိန်းလိုမျိုး ပြည်သူတွေ တစိုက်မတ်မတ် ကန့်ကွက်နေတဲ့ အရာတွေကို ပြန်ဖော်ထုတ်ဖို့ ကြိုးစားတာဟာ ပြည်သူကို စိန်ခေါ်တာပါပဲ။ စစ်အာဏာရှင်တွေဟာ သူတို့ ရာဇပလ္လင်အတွက်ဆိုရင် မြန်မာ့မြေပုံကိုတောင် ပြောင်းလဲပစ်ဖို့ ဝန်မလေးကြဘူး” ဟု ဆိုသည်။

စစ်ကော်မရှင် ၏ ဖိတ်ခေါ်ချက်အရ တရုတ်နိုင်ငံဘက်မှ အမှန်တကယ် လာရောက်ရင်းနှီးမြှုပ်နှံပါက မြန်မာနိုင်ငံသည် တရုတ်နိုင်ငံ၏ စီးပွားရေးလက်အောက်ခံဘဝသို့ လုံးလုံးလျားလျား ရောက်ရှိသွားမည့် အန္တရာယ်ရှိနေပြီး အနောက်နိုင်ငံများ၏ ပိတ်ဆို့အရေးယူမှုကို ခံနေရသော စစ်ကော်မရှင် သည် တရုတ်နိုင်ငံကို တစ်ခုတည်းသော ထွက်ပေါက်အဖြစ် သတ်မှတ်ကာ နိုင်ငံ၏ အနာဂတ်ကို ပေါင်နှံရန် ဝန်မလေးသည့် အခြေအနေသို့ ရောက်ရှိနေခြင်း ဖြစ်သည်ဟု နိုင်ငံရေး သိပ္ပံလေ့လာနေသည့် လူငယ်တစ်ဦးက မှတ်ချက်ပြုသည်။

ထို့ပြင် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လအတွင်းက တရုတ်နိုင်ငံသို့ သွားရောက်ခဲ့သည့် ခရီးစဉ်တွင်လည်း စစ်ကော်မရှင် ၏ ခေါင်းဆောင်ပိုင်းများက တရုတ်လုပ်ငန်းရှင်များကို ဖိတ်ခေါ်ခဲ့ပြီး အဆိုပါ လုပ်ဆောင်ချက်များသည် နှစ်နိုင်ငံလုံးအတွက် အကျိုးရှိမည်ဟု စိုးဝင်းက ဟန်ဆောင်ပန်ဆောင် ပြောဆိုခဲ့သော်လည်း လက်တွေ့တွင်မူ စစ်ကော်မရှင် အနေဖြင့် ၎င်းတို့၏ အာဏာသက်တမ်း ရှည်ကြာစေရန်အတွက် တိုင်းပြည်ကို အဖိုးအခအဖြစ် ပေးဆပ်နေခြင်းသာ ဖြစ်သည်ဟု သုံးသပ်မှုများလည်းရှိသည်။

ရန်ကုန်မြို့ခံတစ်ဦးက “ကျတော်တို့နိုင်ငံက တရုတ်ရဲ့ ကျွန်ဖြစ်တော့မှာလား။ စီးပွားရေးတွေ ကျဆင်းနေချိန်မှာ ဒီလို စီမံကိန်းကြီးတွေကနေ ပြည်သူတွေအတွက် ဘာအကျိုးမှ ရှိမှာမဟုတ်ဘူး။ အကျိုးအမြတ်ကတော့ စစ်ကော်မရှင် အိတ်ထဲပဲ ရောက်မှာပဲ” ဟု ပြောသည်။

တရုတ်စီမံကိန်းများအတွက် ချေးယူရမည့် ငွေကြေးများသည် နောင်မျိုးဆက်များအထိ ဝန်ထုပ်ဝန်ပိုးဖြစ်စေမည်ဖြစ်ကာ စစ်ကော်မရှင် ၏ မဆင်ခြင်သော ဆုံးဖြတ်ချက်များကြောင့် တိုင်းပြည်၏ ဘဏ္ဍာရေးအခြေအနေမှာ ပိုမိုနက်ရှိုင်းသော ချောက်ထဲသို့ ကျဆင်းသွားဖွယ်ရှိကြောင်း စီးပွားရေးပညာရှင်တစ်ဦးက ထော်ကပြသည်။

စစ်ကော်မရှင် ၏ ယခုကဲ့သို့ ပြောဆိုချက်များသည် မြန်မာနိုင်ငံကို နိုင်ငံတကာအသိုက်အဝန်းအလယ်တွင် ပိုမိုအထီးကျန်စေပြီး တရုတ်နိုင်ငံ၏ ဩဇာခံနိုင်ငံတစ်ခုအဖြစ်သို့ တွန်းပို့နေခြင်းသာ ဖြစ်သည်။ တိုင်းပြည်၏ စီးပွားရေး၊ ပညာရေးနှင့် ကျန်းမာရေးကဏ္ဍများကို အကြောင်းပြ၍ ကိုယ်ကျိုးရှာနေသော စစ်ကော်မရှင် ၏ လုပ်ရပ်များသည် ပြည်သူလူထု၏ ဆန္ဒနှင့် လုံးဝဆန့်ကျင်နေသည့်အပြင် မြန်မာ့သမိုင်းတွင်လည်း ဖျက်မရနိုင်သော အမည်းစက်တစ်ခုအဖြစ် ကျန်ရစ်မည်ဖြစ်ကြောင်း နိုင်ငံရေးလေ့လာသူများက ဆိုသည်။

စာတည်း-ကိုဆန်း