စစ်ရေးဖိအားနှင့် စိတ်ဓာတ်ကျဆင်းမှုကြောင့် စစ်သား ၆ ဦး ဖလမ်းတွင် အလင်းဝင်

ဓာတ်ပုံ - ပေးပို့ / Google Map

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်အတွင်း စစ်ရေးဖိအားနှင့် စိတ်ဓာတ်ကျဆင်းမှုတို့ကြောင့် စစ်သား၆ဦး အလင်းဝင်လာကြောင်း သိရသည်။

ဖေဖော်ဝါရီ ၁၄ရက်က နံနက်ပိုင်းနှင့် ညနေပိုင်းတို့တွင် ဖလမ်းမြို့၏ အရှေ့ဘက်နှင့် အနောက်ဘက် ရှိ စစ်တပ်စစ်ကြောင်းများမှ စစ်သားများ ထွက်ပြေးကာ CNO / CNDF ထံ အလင်းဝင်လာခြင်းဖြစ်ကြောင်း သိရသည်။

” မနက်ပိုင်းမှာ ဖလမ်းမြို့ရဲ့အရှေ့ဘက်မှာ ရောက်နေတဲ့ စစ်ကြောင်းက ၂ ဦး ဝင်လာတယ်။ ညနေပိုင်းမှာ ဖလမ်းအနောက်ဘက်မှာ ရောက်နေတဲ့စစ်ကြောင်းက ၄ ဦး ထပ်ဝင်လာတယ်။ လက်ပစ်ဗုံး ၄ လုံးပါတယ်။ သူတို့ စစ်မြေပြင်မှာ ကာလရှည်ကြာ တိုက်ပွဲဝင်နေရတဲ့အတွက် အလွန်အမင်း စိတ်ပင်ပန်းနွမ်းနယ်နေတယ်။ စိတ်ဓာတ်ကျနေတယ်။ ရှေ့ဆက်တိုက်ပွဲဝင်ဖို့လည်း မျှော်လင့်ချက်ကင်းမဲ့နေတယ်။ ဒါကြောင့် အခုလို အလင်းဝင်ဖို့ ဆုံးဖြတ်ခဲ့တာလို့ ပြောတယ်” ဟု CNDF(ချင်းအမျိုးသားကာကွယ်ရေးတပ်)မှ စစ်ရေးသတင်းရင်းမြစ်က MPA ကို ပြောသည်။

စစ်တပ်က ဖလမ်းမြို့ကို ပြန်လည်ရရှိရန် စစ်ကြောင်းထိုးလာသည့် ၄လကျော်အတွင်း စစ်သားများ ထိခိုက်သေဆုံးမှုများပြားသည့်အတွက် ဒဏ်ရာရစစ်သားများအား ‌ပြန်လည်ခေါ်ဆောင်ရန်နှင့် လက်နက်ခဲယမ်းပို့ဆောင်ရန် ဆွန်ဟရန်ရွာ (Sumhrang)၌ ရဟတ်ယာဉ်ကွင်း ဆောက်လုပ်နေကြောင်းလည်း ၎င်းကပြောသည်။

” ဖမ်းမိတဲ့ သုံ့ပန်းတွေပြောတာ ဒဏ်ရာရတဲ့သူတွေက ကိုယ်လက်အင်္ဂါမစုံတော့ဘူး။ ဒါကြောင့် နောက်တန်းပြန်ပို့မှရမယ့် အခြေအနေလို့ သိရတယ်။ ရဟတ်ယာဉ်ကွင်းဆိုတာက အရင်က ဘောလုံးကွင်းကို ရဟတ်ယာဉ်ဆင်းရအောင် ထပ်ချဲ့တာလို့ ပြောတယ်” ဟု ၎င်းက ဆက်လက် ပြောသည်။

ဖေဖော်ဝါရီလ ၁၄ ရက်နေ့က ဖလမ်းမြို့နယ်ရှိ ထင်းရှူးစခန်းကို ချင်းတော်လှန်ရေးပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ ယင်းတိုက်ပွဲအတွင်း စစ်သုံ့ပန်း ၂ ဦးနှင့် လက်နက်ငယ် ၁၁ လက် သိမ်းဆည်းရရှိခဲ့သေးသည်။

ဖေဖော်ဝါရီ ၁၃ရက် ညနေပိုင်းကလည်း ဖလမ်းမြို့နယ် တိုက်ပွဲများအတွင်း ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများ၏ သတင်းပေးမှုဖြင့် မဏိပူရ်မြစ်အနီး စစ်တပ်က ဖွက်ထားသည့် လက်နက်ကြီး ကျည်နှင့် ဗုံးသီးများကို တော်လှန်ရေးတပ်များက သိမ်းဆည်းရမိခဲ့သေးသည်။